အတ္တလန်တစ် ရှာပုံတော် (၂၆)

ဂျီယိုဒီနိုသည် အရုဏ်တက်စ နံနက် လေးနာရီခန့်တွင် တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့ပြင်ရှိ လေယာဉ်ကွင်း ဟောင်းတစ်ခုမှနေ၍ ပါရှန်းအပြာရောင်သန်းစပြုနေပြီဖြစ်သော ကောင်းကင်ပြင်သို့ ဘယ်လ်-ဘိုရင်း ၆ဝ၉ တေ့လ်-ရိုတာ လေယာဉ်ကြီးကို မောင်းတက်လာခဲ့သည်။ ဟယ်လီကော်ပတာများကဲ့သို့ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင် သည့် တေ့လ်-ရိုတာ လေယာဉ်သည် မြေပြင်မှ ပေငါးရာအကွာအထိ ဒေါင်လိုက်ကြီးတက်လာခဲ့သည်။ ထို့နောက်တွင် တော့ သာမာန်လေယာဉ်တစ်စီးကဲ့သို့ပင် လေထုထဲသို့ ကျော့ကျော့မော့မော့ ပျံသန်းသွားတော့၏။ခရီးသည် ကိုးယောက်ဆန့်သော တေ့လ်-ရိုတာသည် ဂျီယိုဒီနိုနှင့် ရူဒီဂန်း နှစ်ဦးတည်းကိုသာတင်ဆောင်လာခဲ့သည်။ ဂျီယိုဒီနိုသည် အမျိုးမျိုး တွက်ချက်ပြီးမှ ဤလေယာဉ်ကို ကိတ်တောင်းမှ စင်းလုံးဌားလာခဲ့ခြင်းဖြစ်သည်။ သူတို့သွားရ မည့် ခရိုဇက်ကျွန်း အနီးတွင် မည်သည့် ‘အ’သုံးလုံး သုတေသန ရေယာဉ်မှမရှိ။ အနီးဆုံး သုတေသန ရေယာဉ်သည် ခရိုဇက်ကျွန်းနှင့် မိုင်တစ်ထောင်အကွာတွင်ရှိသည်။ ကိတ်တောင်းနှင့် ခရိုဇက်ကျွန်း အသွားအပြန်မိုင် နှစ်ထောင့်လေး ရာ ခရီးကို ဟယ်လီကော်ပတာ ဖြင့်သွားလျှင် အနည်းဆုံး လေးကြိမ်ခန့် ဆီဖြည့်ရန် ဆင်းသက်ရမည်။ ဒီတော့ ဆီလည်းဖြည့်စရာမလို၊ ဟယ်လီကော်ပတာလိုလည်း ကျွန်းပေါ်တစ်ခါတည်းဆင်းနိုင်သည့် ၆ဝ၉ တေ့လ်-ရိုတာ သည် ဤခရီးအတွက် အကောင်းဆုံးဖြစ်သည်။

သို့သော်လည်း အရေးကြီးသည်မှာ လောင်စာဆီ ဖြစ်၏။ ဆီအပြည့်ဖြည့်ထားသော တေ့လ်-ရိုတာသည် အသွား လေးနာရီ၊ အပြန်လေးနာရီ အပြင် ပိုပိုလိုလို လေထဲနေချိန် တစ်နာရီခွဲခန့် အထိတော့ လုံလောက်သည်ဟု ယူဆရ သည်။ တကယ်တော့လည်း ယူဆရသည် ဆိုသည်က ယူဆချက်ပဲ ဖြစ်သည်။ သေချာသည့်အလုပ်တော့မဟုတ်။ ဂျီယိုဒီနို ဆိုသည်ကလည်း သူ့သက်တမ်းတစ်လျှောက် သေချာသည့်အလုပ်ကို တစ်ခါမှ လုပ်ဖူးခဲ့သူမဟုတ်။ ဤခရီး သည်  ကစားပွဲတစ်ခုဆိုလျှင် ထိပ်ပေါက်၊ ခေါင်းကွဲ၊ အကျိုးနည်းဖို့ လမ်းများသည့် ကစားပွဲမျိုး၊ ဂျီယိုဒီနို ကဒါမျိုးဆို အသည်းစွဲ။ အတူလိုက်ပါလာသူ ရူဒီဂန်းကိုတော့ ကိတ်တောင်းနှင့် ခရိုဇက် အကန်းတောင် သွားလို့ရသည့်ခရီး ဟု ဖြီး ချလာခဲ့သည်။

နောက် မိနစ်သုံးဆယ်အကြာတွင် သူတို့နှစ်ယောက်သည် အိန္ဒိယ သမုဒ္ဒရာ အထက်ပေ ၁၂ဝဝဝ တွင်အရှေ့ တောင် ဖက်ကို ဦးတည်၍ ပျံသန်းနေကြသည်။ ဂျီယိုဒီနိုသည် လောင်စာဆီကို စစ်ဆေးကြည့်ပြီးနောက် လေယာဉ်ကို တစ်နာရီ မိုင်သုံးရာ နှုန်းဖြင့် အလိုလျှောက်မောင်းနှင်ရန် စီမံပြီး ရူဒီဂန်းဖက်သို့ လှည့်လိုက်သည်။

“ရူဒီ ခင်ဗျားမှာ ဒီသောက်ရူးခရီးစဉ်ကြီးနဲ့ ပါတ်သက်လို့ နောင်တများရနေခဲ့ရင် ခုချိန်မှာ သိပ်နောက်ကျသွားပြီနော်”

ရူဒီဂန်းက ပြုံးလိုက်သည်။

“အေးကွ၊ အစည်းဝေးခန်းထဲမှာ မင်းငါ့နားလာထိုင်ကတည်းက မျက်ခုံးတွေလှုပ်နေလိုက်တာ၊ ခုထင်တဲ့ အတိုင်း ဖြစ် တော့တာပဲ”

“ခြောက်ရက်လောက် ကြာမဲ့ ဒီခရီးအတွက် နောက်ကြောင်းအေးအောင် ခင်ဗျား ဘယ်လိုစီမံခဲ့သလဲ”

“ရုံးမှာတော့ တို့ အသုံးလုံးနဲ့ ဒိန်းမိတ် မနုဿဗေဒပညာရှင်တွေ တွဲလုပ်နေတဲ့ ရေအောက်သုတေသန ပရောဂျက် အတွက် ဘောလ်တစ်ပင်လယ်အော်ကို သွားရမယ်လို့ ပြောခဲ့တယ်ကွ”

“အဲဒီ ပရောဂျက် ရှိရောရှိလို့လားဗျာ၊ ကျုပ်ဖြင့် မကြားဖူးပေါင်”

“ရှိတာပေါ့ကွ၊ မယုံရင် လေယာဉ်ပေါ်က ခုန်ချကြေးလောင်းမလား။ ဗိုက်ကင်း သင်္ဘောတစ်စီးတွေ့ထားတယ်မောင်”

“ကဲ-ကဲ နယ်မြေလေ့လာရေးလေး လုပ်လိုက်ပါဦး” ပြောပြောဆိုဆို ရူဒီဂန်းကို မြေပုံကြီးနှစ်ချပ်ထိုးပေးလိုက်သည်။

“စိန့်ပေါလ်ကျွန်းက ဘယ်လောက်ကြီးသတဲ့လဲ”

“နှစ်မိုင်ခွဲ လောက်ပဲရှိမယ်ဗျ”

ဂန်းသည် ဂျီယိုဒီနိုကို လှည့်ကြည့်လိုက်သည်။ မျက်မှန်ထူကြီးများနောက်က သူ့မျက်လုံးက သေးသေးကလေးဖြစ်နေ သည်။ ပြီးမှ လေးလေးပင်ပင်ကြီး ပြောလိုက်၏။

“အေး-တို့များကံကောင်းပါစေလို့ ဆုတောင်းပါတယ်ကွာ”

သုံးနာရီနီးပါးခန့် ပျံသန်းခဲ့ကြပြီးနောက် ဓါတ်ဆီကုန်သက်သာအောင် ဂျီယိုဒီနိုသည် လေယာဉ်ကို လေဟုန်စီးနေ၏။ အိန္ဓိယသမုဒ္ဒရာသည် အဝေးမှာကျန်ခဲ့ပြီ။ ဂျီယိုဒီနိုသည် ကောင်းကင်ပြာပြာနှင့် တိမ်သားဖြူလွလွတို့ကို ကြည့်ရင်း သူ့အကျင့်အတိုင်း ဆယ်မိနစ်ခန့် ငုတ်တုပ်ကြီးအိပ်ပျော်သွား၏။ အအိပ်မက်လှသည့် ဂျီယိုဒီနိုနှင့် ကွဲပြားလှစွာပင် ရူဒီဂန်းသည် အိပ်မပျော်သည့်ရောဂါ ရှိသူတစ်ဦးဖြစ်သည်။ အပူသည်ကြီးဟု ဂျီယိုဒီနိုက ပေးထားသော နာမည် အတိုင်း ဂန်းသည် အလွန်အင်မတန် ပူတတ်ပင်တတ်သူဖြစ်၏။ တီဟီတီ ကမ်းခြေက ဇီးပင်အောက်ထိုင်နေလျှင်ပင် သက်တောင့်သက်သာ နေနိုင်မည့်လူမျိုးမဟုတ်သည့် ဂန်းသည် ခုလည်း နာရီတကြည့်ကြည့်၊ ဂျီပီအက်စ်ကို တမျှော်မျှော်နှင့် နေမထိ ထိုင်မသာ ဖြစ်နေသည်။ ရုတ်တရက် ရူဒီဂန်းက အသံကျယ်ကြီးဖြင့် အိပ်ပျော်နေသည့် ဂျီယိုဒီနိုကို-

“ဟဲ့ ဖွတ်ကျားကောင်၊ ငိုက်မနေနဲ့၊ ဆင်းဖို့ပြင်ထား၊ ရှေ့ လေးမိုင်ဆိုရောက်ပြီ” ဟုပြောလိုက်သည်။

ဂန်း၏အသံကြားမှ ဂျီယိုဒီနိုသည် ဖျတ်ကနဲ ပြန်နိုးလာပြီး ပျာယီးပျာယာဖြင့် လေယာဉ်လမ်းကြောင်း ကို စစ်ဆေးနေ၏။ တကယ်တော့လည်း ဒီစိန့်ပေါလ်ကျွန်းကို မတွေ့မှာ စိုးရိမ်စရာမရှိလှပါ။ သူတို့၏ တေ့လ်-ရိုတာ လေယာဉ်တွင် နောက်ဆုံးပေါ် ဂျီပီအက်စ် ကိရိယာတပ်ဆင်ထားသည်မဟုတ်လား။ မြေပုံ ကြည့်၍ လေယာဉ်မောင်းသည့်ခေတ် အတိတ်မှာကျန်ရစ်ခဲ့ပြီကော။

ဂျီယိုဒီနိုသည် လေယာဉ် ကွန်ထရိုးခလုတ်ကို ရှေ့ သို့တစ်လက်မခန့် ရွှေ့ လိုက်သည်။ တေ့လ်-ရိုတာသည် ဖြေးညှင်းစွာ ဖြင့် အောက်သို့ ဆင်းသက်စ ပြုပြီ။ ထူထပ်လှသော တိမ်ထုကြောင့် ဘာမှမမြင်ရ။ ကိရိယာများကိုသာ အားကိုး၍ မမြင်မစမ်းဆင်းလာကြရသည်။ အမြင့်ပေ ငါးထောင်ခန့်ရောက်သောအခါ တေ့လ်-ရိုတာသည် တိမ်ထုထဲမှဖောက် ထွက်လာနိုင်ပြီး ပင်လယ်ပြင်ကြီးကို ဘွားကနဲ တွေ့လိုက်ကြရသည်။

“တော်လိုက်တဲ့ ရူဒီ၊ ရှေ့ လေးမိုင်ဆို ရောက်ပြီ ဟုတ်လား၊ ခင်ဗျားက ကျွန်းရဲ့ နှာခေါင်းနဲ့ လေယာဉ်တိုက်မိခါနီးမှ ကျုပ်ကို ပြောတော့တာပဲဗျ” ဂျီယိုဒီနိုက သူ့ဖာသူ အိပ်ပျော်နေသည်ကို ရှက်ရမ်းရမ်းပြီး ဂန်းကို ပွမ်နေ၏။ ဂန်းက သွားလေးဖြဲ၍-

“အေးပါကွာ၊ နောက်တစ်ခါဆို ငါပိုကောင်းအောင်လုပ်ပါ့မယ်” ဟု ပြန်ပြောရှာသည်။

မိုးက သည်းထန်စွာရွာနေပြီး လေကလည်း ခပ်ပြင်းပြင်းတိုက်ခတ်နေ၏။

ဂျီယိုဒီနိုက လေယာဉ်ကို ဂရုတစိုက် ထိန်းရင်း “ရူဒီ၊ ဆင်းဖို့နေရာ ရှာထား” ဟုပြောလိုက်သည်။ လက်မလောက်သာ ရှိသော ကျွန်းကလေးကို မီးတောင်ကြီးက အပြည့်နီးပါးနေရာယူထားသဖြင့် မြေနေရာလွတ်ကို ရှာမတွေ့နိုင်ဖြစ်နေ သည်။ ကျွန်းကို တစ်ပါတ်ပါတ်ကြည့်သော်လည်း ဘယ်နေရာမှ ဆင်းသက်ရန်နေရာ ရှာမတွေ့။ ဆင်ပြောင်ကြီး အမြီး ကျမှ တစ်ကိန်းဆိုက်နေပြီ။

ရူဒီဂန်းက မျက်မှန်ကို ချွတ်၍ မျက်လုံးကို ပွတ်သပ်ရင်း-

“ငါ့လခွေးတဲ့မှ၊ ကျောက်တောင် သက်သက်ပဲကွ၊ မြေဆိုလို့ တစ်လက်မတောင်မရှိဘူး” ဟုပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို ပြန်လှည့်ကြစို့ လို့တော့မပြောနဲ့နော်” ဂျီယိုဒီနိုက ခပ်ငေါ့ငေါ့ပြော၏။ ရူဒီဂန်းအကြောင်းသူသိသည်။ အန္တရာယ်ဆိုသည်ကို စာလုံးတောင်ပေါင်းချင်သူမဟုတ်။

“အေးပါ။ ငါကလည်း ဆင်းလို့မရဖူးလို့ မပြောပါဘူး၊ ဟိုမှာတွေ့လား အနောက်ဖက် တောင်ခြေမှာ ခပ်ပြန့်ပြန့် နေရာလေး။ မြေပြင်ကနေ ပေငါးဆယ်နဲ့ တစ်ရာကြားမြင့်လိမ့်မယ်”

ဂျီယိုဒီနိုက ဂန်းပြသည့်နေရာကို ငုံ့ကြည့်လိုက်ပြီး အတော်လန့်သွားသည်။

“ဟေ့လူ၊ ဟုတ်မှလည်းလုပ်ပါ။ ရုပ်ရှင်ထဲက ဟယ်လီကော်ပတာတွေတောင် အဲဒီနေရာ မဆင်းဘူး။ ကျုပ်တို့က လေယာဉ်ပျံနော်” ဟုပြောလိုက်သည်။

“အဲဒီနေရာလေးမဆိုးဘူးကွ၊ မဆိုးဘူးဆိုတာထက် သူ့ထက်ကောင်းတာ မရှိတော့ဘူး၊ ဆင်းချင်ဆင်း၊ မဆင်းချင် နေကွာ”

ဂန်းညွှန်ပြသော နေရာကား ထရပ်ကားတစ်စီး၏ နောက်ခန်းထက်ပိုမကျယ်။ မတတ်နိုင်တော့။ သည်နေရာကိုသာ ဆင်းသက်ရတော့မည်။ လေက ရှေ့ ဖက်မှတိုက်နေသည်ကို ကျေးဇူးတင်ရမည်။ တေ့လ်-ရိုတာ၏ ဒေါင်လိုက်သက် ဆင်းနိုင်သည် ပန်ကာဒလက်များ စတင်လည်ပါတ်ပြီ။ ဂျီယိုဒီနိုသည် လေယာဉ်ကို သူ့ခံစားမှု သက်သက်ဖြင့် ကြိုးစား ဆင်းသက်နေသည်။ အောက်ခြေတွင် မွစာကြဲနေသည့် ကျောက်တုံးကလေးများက လေယာဉ်ပျက်စီးလောက်အောင် မကြီးပါစေနှင့်ဟု ဆုတောင်းရုံမှတပါး တခြားလည်း လုပ်စရာမရှိတော့။

တေ့လ်-ရိုတာသည် ဦးပိုင်းမှစ၍ နိမ့်ဆင်းလာသည်။ အနီးကပ်ကြည့်တော့ ဆင်းသက်ရမည့်နေရာသည် ထင်သ လောက် မပြန့်ပြူး၊ ကြီးမားသော ကျောက်တုံးတစ်တုံးက အလယ်မှာမို့မို့ မောက်မောက်လေးဖြစ်နေ၏။ ဂျီယိုဒီနို မတ စဖူး ဘုရားတနေ၏။ နောက်ဆုံးတော့ တေ့လ်-ရိုတာ၏ ရှေ့ ဘီးနှစ်လုံး မြေသို့ထိသွားပြီး နောက်ဘီးများက မြေပြင် ကို အသာအယာကျသွား၏။ မို့မောက်နေသော ကျောက်တုံးကို ကားယားခွ၍ ဆင်းသက်ထားသော တေ့လ်-ရိုတာ၏ အသွင်မှာ ဥဝပ်နေသော ငန်းရိုင်းမ ဝဝကြီးသဖွယ်ဖြစ်နေသည်။

ဂျီယိုဒီနိုသည် သက်ပြင်းမောကြီးချလိုက်ပြီး စက်သတ်လိုက်၏။ ရူဒီဂန်းဖက်လှည့်၍-

“ကဲ ရောက်ပြီ” ဟုပြောလိုက်သည်။

ရူဒီဂန်း၏ မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်နေ၏။ သူက ဂျီယိုဒီနိုဖက်သို့လှည့်၍-

“မင်းလုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ” ဟု ပြော၏။ ပြီးနောက် တံခါးကိုဖွင့်ကြည့်လိုက်သည်။

အလိုလေးလေး။ သူ့ဖက်က တံခါးနှင့် လေးပေမျှပင် မဝေးသောနေရာမှာ ပေရှစ်ရာထက်မနည်းသော ချောက်ကြီး၊ လေယာဉ်နောက်မြီးကလည်း လေထဲမှာ စွန်းထွက်နေသည်။ ဂန်းမျက်နှာမှ အပြုံးပျောက်ကွယ်သွား၏။

“ဟေ့ကောင်၊ ကံကောင်းလို့ကွ” ပြူးတူး ပြဲတဲနှင့် ဂျီယိုဒီနိုကို ကြည့်နေသော သူ့မျက်နှာကို ကြည့်ရင်း ရယ်ချင်လာ သည်။

“ကဲ-ကျုပ်တို့ ခရီးစကြစို့၊ ခင်ဗျားမှာ လမ်းကြောင်းရှိသလား”

“ပစ်အပြောအရတော့ ဗိုလ်မှူးကြီးနဲ့ အပေါင်းအပါတွေဟာ အဲဒီအခန်းထဲရောက်ဖို့ တောင်ရဲ့ တစ်ဝက်လောက် အထိ တက်ရသတဲ့ကွ၊ တို့အခု တောင်တစ်ဝက်လောက်မှာ ဆင်းခဲ့တာပဲ”

“ဟုတ်ပြီ၊ ဘယ်ဖက်လဲ”

“တောင်ဖက်တဲ့ကွ၊ အခုတို့က အနောက်ဖက်မှာ၊ တမိုင်နီးပါးလောက်သွားပြီး ကံကောင်းရင်တို့ ချောချောမောမော ရောက်သွားမယ်”

“အေးဗျာ ကျွန်းလေးက သေးလို့ တော်သေးတာပေါ့။”

ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး ခရီးသွားဖို့ပြင်ကြသည်။ မိုးကြောင့် ကျောက်သားမြေပြင်က ချော်နေသည်။ လိုရမည်ရ လေယာဉ်ကို ဆိုင်းကြိုးများဖြင့် တင်းနေအောင်ချည်နှောင်ရသေးသည်။ မည်းနေအောင်ရွာသောမိုးကြောင့် တစ်လော ကလုံး မှုန်မှိုင်းပြီး ကျွန်းကလေးမှာ လောကကြီးနှင့် အဆက်ပြတ်ပြီး အထီးကျန်စွာတည်ရှိနေသည်။ မိုးစက်များကြောင့် မျက်နှာကြီး ရှုံ့ မဲ့နေသော ရူဒီဂန်းက ဂျီယိုဒီနိုအား သွားရမည့်ဖက်ကို လက်ညှိုးညွှန်လိုက်သည်။

ကျောက်လမ်းမြှောင်ကလေးများ၊ ပတ်ကြားအက်လေးများကို ကုတ်တွယ်ပြီး ခေတ်မှီ တောင်တက် ကိရိယာ အကူအညီလုံးဝ မပါပဲ ခက်ခဲပင်ပန်းစွာဖြင့် သူတို့နှစ်ယောက် ကျောက်တောင်ကြီးကို တက်နေကြ၏။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

May 2009
M T W T F S S
« Apr   Jun »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.