အတ္တလန်တစ် ရှာပုံတော် (၂၇)

ဂျီယိုဒီနိုကတော့ မောပန်း ပုံမပေါ်ပါ။ ကျားကိုးစီး စားမကုန်အောင် တုပ်ခိုင်သည့် သူ့ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင်ပင် ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနေ၏။ ရူဒီဂန်းကလည်း မခေလှပါ။ ဂန်းသည် တတ်နိုင်သလောက် အန္တရာယ်ကို ရှောင်ကွင်းချင်သော သဘောရှိသော်လည်း မတတ်နိုင်သည့်အဆုံး အပြုံးမပျက်အန္တရာယ်နှင့် ရင်ဆိုင်နိုင်သူဖြစ်၏။ ပိန်ပိန် ပါးပါး သေးသေး ကွေးကွေး သူ့ခန္ဓာကိုယ်လေးက ထင်သည်ထက်ပိုမာကြော၏။ ထို့ကြောင့်လည်း ဤခရီးကို တစ်ချက်မငြီးပဲ ဂျီယိုဒီနို နောက်မှ လိုက်လာနိုင်၏။ ကိုက်နှစ်ဆယ်လောက်ခရီးပေါက်ပြီးတိုင်း တစ်ခါနား၍ သူ့မျက်မှန်ထူကြီး တွင်တွယ်ငြိလာ သောရေငွေ့များကို သုတ်ပစ်နေရတာ တစ်ခုပဲရှိသည်။ခရီးတစ်ဝက်ခန့်အရောက်တွင် ရှေ့ မှ ဂျီယိုဒီနို ကခဏ ရပ်ရန် အချက်ပေးလိုက်သည်။

“ရူဒီ၊ ခင်ဗျား အပြောအရဆိုရင် ဗိုလ်မှူးကြီးတို့ တက်ခဲ့တဲ့ လူသွားလမ်းဟာ ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာနဲ့ နီးနေပြီထင်တယ်။ အပေါ်မှာဖြစ်မလား၊ အောက်မှာဖြစ်မလားပဲ”

ဂန်းသည်ကျောက်တုံးငယ်တစ်ခုကို ကျောဖြင့်မှီ၍ ထိုင်ချလိုက်ပြီး ဂြိုလ်တုမှတဆင့် ရိုက်ကူးထားသော ကျွန်း၏ ဓါတ်ပုံ ကိုအသေအချာလေ့လာနေ၏။ အတော်လေးကြာမှ-

“တကယ်လို့သာ ဗိုလ်မှူးကြီးတို့ အဖွဲ့ဟာ လမ်းအသာဆုံးနေရာက တက်မယ်ဆိုရင် သူတို့သွားတဲ့လမ်းဟာ တို့အောက် တည့်တည့် ပေတစ်ရာလောက် အတွင်းမှာ ရှိရမယ်” ဟုပြောလိုက်သည်။

ဂျီယိုဒီနိုသည် အနည်းငယ် ကွေးညွှတ်ထားသော ဒူးများပေါ်တွင် လက်နှစ်ဖက်ကို တင်ရင်း အောက်ဖက်သို့စူးစူး စိုက်စိုက် အကြာကြီးကြည့်နေသည်။ ပြီးမှ ဂန်းကို အံ့သြတကြီး လှည့်ကြည့်လိုက်ပြီး-

“ရူဒီ၊ ခင်ဗျား နတ်မျက်စိများရထားသလား”

“ဘာတုန်းကွ”

“ကျွန်တော်တို့ အောက်ဖက် ပေသုံးဆယ်လောက်မှာ ကျောက်တုံးတွေနဲ့ စီထားတဲ့ လူသွားလမ်းကလေး ရှိတယ်ဗျ”

ဂန်းက ကျောက်စွန်းကို ကျော်၍ အသာငုံ့ကြည့်လိုက်သည်။ ဟုတ်၏။ တံတွေးနှင့် လှမ်းထွေးလို့ရသည့် အကွာအဝေး လောက်မှာ လမ်းလေးတစ်ခုကို တွေ့နေရသည်။ ကျောက်တုံးတွေ စီကာခင်းထားသည့် လေးပေသာသာခန့်ကျယ် သောလမ်းကလေး။ ကျောက်တုံးတွေကြားမှာ အပင်လေးတွေ ပေါက်နေတာကိုပင် ထင်ထင်ရှားရှားမြင်နေရသည်။

“ဗိုလ်မှူးကြီးတို့ သွားခဲ့တဲ့ လမ်းဟာ အဲဒီလမ်းပဲ ဖြစ်ရမယ်ကွ”

“ဟိုမှာ ပေါက်နေတဲ့ အပင်လေးတွေက ဘာပင်တွေလဲ၊ ခင်ဗျားသိလား” ဂျီယိုဒီနို၏ အမေးကို ရူဒီဂန်းက မဆိုင်းမတွ ချက်ချင်း အဖြေပြန်ပေး၏။

“ကာဂွီလန်ပင်လို့ ခေါ်တယ်ကွ၊ အနံစူးတဲ့ ဆီတစ်မျိုးထွက်တယ်။ ဟင်းသီး ဟင်းရွက်အနေနဲ့ ချက်ပြုတ်စားလို့လဲ ရတယ်”

“အေးဗျာ၊ ဓါတ်ပုံထဲမှာ ဒီလမ်းဘာလို့ မတွေ့သလဲဆိုတာ ခုမှပဲသိတော့တယ်။ လက်စသတ်တော့ ခင်ဗျားရဲ့ ကာဂွီလန် ပင်တွေ ဖုံးနေတာကိုး။ ခုလို ကျောက်သားကျွန်းမှာ ဒီအပင်တွေ ဘယ်လိုလုပ်ပေါက်လာပါလိမ့်”

“ဌက်တွေ မျိုးစေ့သယ်လာတာဖြစ်ရင်ဖြစ်၊ ရေထဲကပါလာတာ ဖြစ်ရင်ဖြစ် တစ်ခုခုပေါ့ကွာ”

“ရူဒီ။ ခင်ဗျား ဒီလမ်းရဲ့ ဘယ်ဖက်ကို လိုက်မယ်စိတ်ကူးထားလဲ”

ဂန်းသည် လမ်းကလေးကို စိမ်ပြေနပြေ ကြည့်ရှုလေ့လာနေ၏။ နှစ်ပရိစ္ဆေတ ကြာမြင့်လှပြီ ဖြစ်သောကြောင့် လမ်းခင်း ကျောက်များမှာ အတော်များများ ပျက်စီးနေကြပြီ။ ဂန်းက ဆုံးဖြတ်ချက်ချလိုက်ပြီး ဂျီယိုဒီနိုကို လှမ်းပြောလိုက်သည်။

“ဘယ်ဖက်ကို သွားမယ်ကွ၊ အတက်လမ်းပဲ”

မီးသင့်ချော်ကျောက်များ ကိုသတိကြီးစွာနင်း၍ ဆင်းခဲ့ကြပြီး သူတို့နှစ်ယောက် လမ်းကလေးရှိရာသို့ ရောက်လာကြ သည်။ အတက်လမ်းကို မှန်မှန်တက်လာကြသည်။ ဂိုက်သုံးဆယ်ခန့် ကျယ်သော တောင်ပြိုမှု နှစ်ခု တွေ့ခဲ့ကြရပြီး သတိကြီးစွာ ကျော်ဖြတ်လာခဲ့သည်။ သူတို့၏ လှုပ်ရှားမှုများက ခပ်နှေးနှေးမှန်မှန်သာဖြစ်၏။ အလောတကြီး လှုပ်ရှား ၍ထိခိုက်မှုတစ်ခုခု ဖြစ်ခဲ့ပါက ချော်ရည်များအထပ်ထပ်ဖုံး၍ ငါးမန်းစွယ် ဓါးသွားလို ကြမ်းရှ၊ ချွန်မြသည် ကျောက်သား က သူ့တို့သွေးကို အငမ်းမရ သောက်မျိုပေလိမ့်မည်။ ခြေတစ်ချက်ချော်သည်နှင့် ပင်လယ်ထဲ လွင့်စဉ်ကျဖို့ ရာခိုင်နှုန်း ကလည်း အတော်လေးများသည်။

အတော်ကြာကြာသွားပြီးနောက် နှစ်ဦး သဘောတူ ခဏနားကြသည်။ ဂျီယိုဒီနိုသည် ကာဂွီလန်အပင်တစ်ပင်ကို ဆွဲနှုတ် လုံးချေ၍ တောင်အောက်ပစ်ချလိုက်သည်။ တောင်ခိုးတွေ ဝေနေသဖြင့် ခဏနေတော့ မြင်ကွင်းထဲမှ ပျောက် သွားသည်။ ရာသီဥတုက အေးစက် စိုထိုင်းပြီး လေအေးတွေက ဟူးဟူးရားရားတိုက်ခတ်လျှက်ရှိသည်။ မိုးစက်မိုး ပေါက်များက အကာအကွယ်မဲ့ မျက်နှာကို တရစပ်ရိုက်ခတ်နေသည်။ မိုးကာ အထူစားကြီးများကို ဝတ်ဆင်ထားသော် လည်း မိုးသည်းထန်လှသောကြောင့် အင်္ကျီကော်လာမှ တဆင့်ဝင်သော ရေများကြောင့် တစ်ကိုယ်လုံး ရွှဲနေကြပြီ။

ဂန်းက ဂျီယိုဒီနိုကို သာမိုဓါတ်ဘူးဖြင့် ထည့်ထားသော ကော်ဖီနှင့် အသားညှပ်မုန့်များလှမ်းပေးလိုက်သည်။

“ငါတို့ ရောက်ခါနီးပြီထင်တာပဲကွ” ဂန်းသည် မှန်ပြောင်းတစ်လက်ဖြင့် လျှောက်ကြည့်ရင်း ပြောလိုက်သည်။

ဂျီယိုဒီနိုက တောင်စောင်းတွင် ချွန်ထွက်နေသော ကျောက်စွန်းကြီးကို စိုက်ကြည့်ရင်း-

“လမ်းများမှားလာပြီလား မသိဘူး” ဟု ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ကျွန်တော်တို့ မမှောင်ခင် ရောက်မှ ဖြစ်လိမ့်မယ်”

“မပူပါနဲ့ကွ။ ဒီဒေသမှာ နောက်ထပ် ဆယ့်နှစ်နာရီအထိ ငါတို့ အလင်းရောင်ရဦးမှာ”

“ရူဒီ ကျွန်တော်တစ်ခု စဉ်းစားမိတယ်”

“ဘာလဲ”

“ဒီနေရာနဲ့ မိုင်နှစ်ထောင် ပါတ်လည်မှာ လူသားဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ပဲရှိတယ်နော်”

“အေးလကွာ၊ နားငြီးသက်သာတာပေါ့၊ ပျော်စရာကြီးပဲ”

“ကျွန်တော်တို့ ဒဏ်ရာတွေဘာတွေ ရလို့ လေယာဉ်ဆီပြန်မရောက်တော့ရင် ဘယ်လိုလုပ်မလဲ”

“ကောင်လေး၊ ဒီကိစ္စအတွက်တော့ မပူနဲ့” ရူဒီဂန်းက သူ့အိတ်ထောင်ထဲမှ ဂလိုဘယ်စတား ဂြိုလ်တုဖုန်းကို ထုတ်ပြ လိုက်သည်။

“မင်းဘယ်နေရာရောက်ရောက် ဒီဖုန်းကိုသုံးလို့ရတယ်၊ ဆန်ဒက်ကာက ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့ အသင့်ပြင်ထားပြီးသား၊ ခလုတ်တစ်ချက်နှိပ်စာပဲ ရှိပါတယ်ကွာ”

“ကယ်ဆယ်ရေးအဖွဲ့ မလာခင်တော့ ကျုပ်တို့က ကာဂွီလာပင်တွေ ဝါးပြီးနေရမယ်ပေါ့။ အမလေး၊ သေလိုက်တာက ပိုကောင်းဦးမယ်”

ရူဒီဂန်းက ပြုံးလိုက်သည်။ ဂျီယိုဒီနိုက ဒီလိုပဲ။ အလွန်ပစိပစပ် များသူဖြစ်၏။ သို့သော်လည်း ခုလို ကျဉ်းထဲ ကျပ်ထဲမှာ သူ့ထက်ပိုကောင်းသည့် အဖော်မရှိနိုင်။ ဂျီယိုဒီနိုရော ဂန်းပါ အကြောက်အလန့် တစ်စက်မှ မရှိကြသော်လည်း သူတို့ ရင်ထဲ ပူနေသည်က ရည်ရွယ်ချက်အထမမြောက်မှာကိုသာ ဖြစ်သည်။

ရုတ်တရက် ဂျီယိုဒီနိုက အသံကျယ်ကြီးဖြင့် ပြောလိုက်၏။

“ကျုပ်တို့ အခန်းထဲရောက်ရင် မုန်တိုင်းဒဏ်က လွတ်ပြီဗျ၊ ခြောက်ခြောက်သွေ့သွေ့ကလေးနဲ့ အတော်ဇိမ်ရှိမှာပဲ၊ ကဲ သွားကြစို့၊ ကျုပ်တော့ ရွှံ့ ထဲက တီကောင်လိုဖြစ်နေပြီ”

ပြောပြောဆိုဆို ဂန်းကိုပင် မစောင့်တော့ပဲ ဂျီယိုဒီနိုသည် ထထွက်သွားတော့သည်။ ကိုက်ငါးဆယ်ခန့် လျှောက်အပြီး တွင်လမ်းသည် မတ်စောက်လာပြီး ကျောက်တောင်တွင် ကွဲကြောင်းကြီးတစ်ခုကို ဘွားကနဲတွေ့လိုက်ကြတော့သည်။

အပေါက်ဝသည် သူတို့ထင်ထားသည်ထက်သေးငယ်၏။ အလျားလေးပေ အမြင့်ခြောက်ပေ သာသာရှိ၏။ အထဲတွင် တော့ ပိန်းပိတ်အောင်မှောင်နေသည်။

“ဒါပဲကွ၊ ဗိုလ်မှူးကြီးတွေ့ခဲ့တဲ့ အပေါက်ဝ” ဂန်းက ဝမ်းသာ အားရပြောလိုက်သည်။

“ကျုပ်တို့ ထဲကတစ်ယောက်ယောက်က အားခီးမီးဒီးစ် အော်သလို အောင်ပြီ၊ အောင်ပြီလို့ အသံကျယ်ကြီးနဲ့ အော်ရ မှာဗျ”

မိနစ်အနည်းငယ်မျှ အကြာတွင် အိတ်ဆောင်မီးများကြောင့် လင်းလင်းချင်းချင်းရှိနေသော အခန်းထဲ၌ ဂျီယိုဒီနို နှင့် ရူဒီဂန်း တို့သည် ကျောပိုးအိတ် နှင့် မိုးကာအင်္ကျီများကို ချွတ်၍ နောက်ဆုံးလက်ကျန် ကော်ဖီကို သောက်နေကြသည်။ အခန်းနံရံများသည် အဖုအထစ် အကွဲကြောင်းများမရှိပဲ ဒလိမ့်တုံးနှင့်လိမ့်ထားသလို ချောမွတ်လှသည်။ အပေါက်ဝမှ လေက အတွင်းသို့ တောက်လျှောက်ဝင်လာသည့်အတွက် အသက်ရှုရသည်မှာ ကောင်းလှသည်။

အခန်းတွင်းသို့ ဓါတ်မီး အလင်းရောင်များအကူအညီဖြင့် သူတို့လျှောက်ဝင်လာကြသည်။ မကြာမီ လေးထောင့်စပ်စပ် အခန်းတစ်ခု အတွင်းသို့ သူတို့ရောက်လာကြသည်။ ရုတ်တရက် တွေ့လိုက်ရသော အရာတစ်ခုကြောင့် ဂျီယိုဒီနို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ စုတ်ပြတ်ဆွေးမြေ့နေသော အဝတ် တွဲလောင်းနှင့် ဦးခေါင်းခွံတွင် ဆံပင်နီနီများ မြင်တွေ့နေရသေးသော လူရိုးစုတစ်ခု။

ဂန်းသည် အရိုးစုကို စေ့စေ့စပ်စပ်ကြည့်ရင်း-

“ဒီလူက ဘယ်လိုလုပ် ဒီထဲရောက်နေရတာလဲ” ဟုရေရွတ်လိုက်သည်။

ဂျီယိုဒီနိုသည် ဓါတ်မီးဖြင့် အခန်းတစ်ခုလုံး လျှောက်ထိုးကြည့်နေသည်။ မီးဖိုလေးတစ်လုံး၊ အိမ်သုံးပရိဘောဂ အချို့ နှင့် ဘာမှန်းမသိသည့် ကိရိယာအချို့ ၊ အားလုံးသည် ကျောက်သား၊ သစ်သားတို့ဖြင့် လက်ဖြစ်လုပ်ထားဟန်ရှိသည်။ အ ခန်းထောင့် တစ်နေရာတွင်တော့ အရိုးတွေပုံထားတာ တွေ့ရသည်။

“သူ့အဝတ်အစားတွေ အရတော့ ဒီလူဟာ သင်္ဘောသားဖြစ်လိမ့်မယ်။ သင်္ဘောပျက်လို့ ကျွန်းပေါ်ရောက်လာပြီး၊ အစာငတ်ရေငတ်နဲ့ သေရှာတာ။ ဘယ်အချိန်လောက်ကလည်းဆိုတာတော့ ဘုရားသခင်မှပဲ သိလိမ့်မယ် ဂန်းရေ”

“အေးကွ၊ ဗိုလ်မှူးကြီးရဲ့ မှတ်တမ်းမှာတော့ ဒီအရိုးစု အဲလေ ဒီလူအကြောင်း ဘာမှ ပြောမထားဘူး”

“မဒရပ်သင်္ဘောက ဒီကျွန်းမှာ ဝင်ကပ်တာ ၁၇၇၉ ခုနှစ်ဆိုတော့ ဒီလူဟာ ဒီထက်နောက်ကျပြီးမှ ရောက်လာတာ ဖြစ်ရမယ်ဗျ”

“ဘာဆိုဘာမှ မရှိတဲ့ မီးတောင်ကျွန်းမှာ တစ်ယောက်တည်းနေပြီး သေသွားရရှာတဲ့ သူ့ဘဝက အတော်သနားစရာ ကောင်းတာပဲကွာ”

“ဒီမီးဖိုနဲ့ ဒီပစ္စည်းတွေဟာ သူလုပ်ခဲ့တာတွေဗျ၊ အတော်တော့ ကြိုးစားပမ်းစား အသက်ရှင်အောင် နေထိုင်သွားခဲ့ တာပဲ”

“အေးကွ၊ ဒီသစ်သားလက်ခတ်တွေက မီးပွတ်ဖို့၊ မီးရတော့ မီးဖို ဖို——-” ဂန်းသည် စကားပြောနေရင်းက မီးဖို ထဲတွင် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ပြာများကို ယက်ထုတ်ဖယ်ရှားပြီး ထိုအရာကိုဆွဲထုတ်လိုက်သည်။ သစ်သား အရုပ်တစ်စိတ်တစ်ပိုင်း၊ မီးမကျွမ်းသေးသည့် အစိတ်အပိုင်းကို ကြည့်ရသည်မှာ မြင်းနှစ်ကောင်ကသော စစ်ရထားပုံစံ မျိုးဖြစ်၏။

“ဒါ တို့ရှာရမဲ့ ရှေးဟောင်းပစ္စည်းတွေကွ၊ ဒီလူက ချမ်းလွန်းတော့ သစ်သားနဲ့လုပ်ထားတဲ့ အရုပ်တွေကို မီးရှို့ ပြီး မီးလှုံ ပစ်လိုက်တယ်ထင်တယ်” ဂန်းသည် ဂျီယိုဒီနိုကို လှမ်းကြည့်လိုက်ရာ ပြုံးပြုံးကြီးလုပ်နေသည်ကို တွေ့ရသဖြင့်-

“ဘာတွေ သဘောကျနေပြန်ပြီတုံး”

“ကျွန်တော်စဉ်းစားကြည့်နေတာ” ဂျီယို ဒီနိုသည် သူ့ဖာသာပြောရင်း အသံထွက်၍ တခစ်ခစ်ရယ်နေသည်။ ပြီးမှ-

“ဒီငနဲဟာ ကာဂွီလန်တွေ ဘယ်လောက်တောင်စားခဲ့ရမယ်ထင်လဲဗျ၊ ကာဂွီလန်ကြော်၊ ကာဂွီလန်ပြုတ်၊ ကာဂွီလန် သုတ်၊ ကာဂွီလန်ဖုတ်၊ ဟီး၊ဟီး၊ဟီး” ပြောရင်း ဆိုရင်း ခွက်ထိုးခွက်လန် ရယ်နေတော့သည်။

“အေး-ဘယ်လို အရသာရှိလဲ သိရအောင် မင်းတစ်ပင်လောက် ဝါးကြည့်ပါလား”

ဂျီယိုဒီနိုသည် နံရံပေါ်တွင် တယ်လူရိုက်ဒ်မှ အားမီးနီးစ် အခန်းနံရံတွင် တွေ့ရသော သင်္ကေတများနှင့် အလား သဏ္ဍာန်တူသော သင်္ကေတများကို  တွေ့လိုက်ရသဖြင့် အရယ်ရပ်သွားသည်။ အခန်းကြမ်းပြင်တွင် အော့ပ်ဆီဒီယန် ကျောက်ဖြင့်လုပ်ထားသော ကလပ်စင်လေးကိုတွေ့ရသည်။ ဒီကလပ်ပေါ်တင်ထားသော မဟူရာ သလင်းခေါင်းခွံကို ဗိုလ်မှူးကြီးတို့ မဒရပ် သင်္ဘောပေါ် ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ အခန်းနံရံ တစ်ဖက်တွင်တော့ ကျောက်တုံးတွေပြို ကျနေသည်ကို တွေ့ကြရသည်။ ဂန်းက ထိုနံရံကိုကြည့်ပြီး-

“ဒီနံရံ ဟိုဖက်မှာ တစ်ခုခုရှိသေးတယ်ထင်တယ်” ဟုပြောလိုက်သည်။

“ခင်ဗျားဟာက သေချာလို့လား”

“သိပ်တော့မသေချာဘူး၊ ငါ့စိတ်ထဲမှာ ထင်တာပြောတာ”

နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ သူများမို့ ဂျီယိုဒီနိုသည် ဂန်း၏ ဆဋ္ဌမအာရုံကို ယုံကြည်သည်။

“ခင်ဗျား နောက်ထပ်အခန်းတစ်ခန်း ဒါမှမဟုတ် လှိုဏ်ခေါင်းတစ်ခုခု ရှိမယ်လို့ထင်နေတာ မဟုတ်လား”

“ဟုတ်တယ်”

“သေလိုက်စမ်း” ဂျီယိုဒီနိုသည် ရုတ်တရက် ကျိန်ဆဲလိုက်သည်။ ဂန်းက သူ့ကို နားမလည်နိုင်ပဲ ကြည့်နေ၏။

“ဟို စတုတ္ထအင်ပါယာဆိုတဲ့ ငနဲတွေလက်ဦးသွားပြန်ပြီ”

“မင်းဘာဖြစ်လို့ ဒီလိုထင်တာလဲ အယ်လ်”

ဂျီယိုဒီနိုက ပြိုကျနေသော ကျောက်ပုံကို ဓါတ်မီးနှင့်ထိုးပြပြီး-

“ဒီမှာလေ။ နံရံကို ဖောက်ခွဲသွားတာ မတွေ့ဖူးလား”

ဂန်းက ခေါင်းခါလိုက်သည်။

“ငါတော့ ဒီလိုမထင်ဘူးကွ၊ ဒီနံရံပြိုနေတာ နှစ်ပေါင်းအတော်ကြာလောက်ပြီ၊ ဒီမှာ ဖုန်တွေအထပ်လိုက် ကပ်နေတာ မြင်လား၊ မင်းနဲ့ငါ ခရစ်စမတ်စ် ဘောနပ်စ်ကြေးတောင်လောင်းလိုက်ချင်သေးတယ်။ ဒီနံရံ ပြိုနေတာ ဗိုလ်မှူးကြီးတို့ ဒီအခန်းကို မတွေ့ခင် တုံးကတည်းက ဖြစ်နိုင်သလို၊ ဗိုလ်မှူးကြီးတို့ လက်ချက်လည်းဖြစ်နိုင်တယ်။ လောလောလတ် လတ် ဖောက်ခွဲခံထားရတာ လုံးဝမဟုတ်ဘူး”

ဂန်းက ဓါတ်မီးဖြင့် အသေအချာထိုးကြည့်ရင်း-

“အခု ငါတို့ ဒီဟာကို တူးပြီးအပေါက်ဖောက်ကြစို့”

“တကယ်အဲသလို လုပ်မလို့လား၊ ကျုပ်ကတော့ သိပ်မထင်——–”

“စကားမများနဲ့၊ ခုချက်ချင်းတူး” ဂန်းက အမိန့်ပေးလိုက်သဖြင့် ဂျီယိုဒီနို ဇက်ကလေးပုသွားသည်။ တကယ်တော့ မည်မျှပင်ရင်းနှီးသည် ဆိုစေကာမူ ဂန်းသည် သူ၏အထက်လူကြီးမဟုတ်လား။

ရူဒီဂန်း မှန်၍ ဂျီယိုဒီနို မှား၏။ ပြိုကျသည်မှာ အပေါ်ယံလောက်သာဖြစ်သဖြင့် ကျောက်သားနံရံကြီးကို ခက်ခဲပင်ပန်း စွာတူးရတော့သည်။ ဂျီယိုဒီနိုက ကျောက်တုံးကြီးများကို ဖယ်ရှား၍ လူဖလံလေးဖြစ်သော ဂန်းကို ကျောက်တုံးအသေး လေးများသာသယ်စေ၏။ တစ်နာရီမျှ အပြင်းအထန်အလုပ်လုပ်ပြီးနောက် တစ်ဖက်သို့ တွားသွားနိုင်သည့် လမ်းတစ်ခု ဖောက်လိုက်နိုင်ကြသည်။

လူကောင်သေးသော ဂန်းက အရင်ဝင်သွား၏။

“ခင်ဗျား ဘာတွေ့လဲ ရူဒီ”

“ပေနှစ်ဆယ်လောက်မှာ နောက်ထပ် အခန်းတစ်ခန်းရှိတယ်ကွ၊ မင်းဝင်လာခဲ့လေ”

နှစ်ယောက်လုံး အထဲရောက်သွားသည်။ ဓါတ်မီးနှစ်လက်၏ အလင်းရောင်အောက်တွင် ကျောက်သားအခန်းလေးက ထူးဆန်းသော ရောင်ပြန်များဟပ်နေ၏။

“အထက်လူကြီးစကားကို နားထောင်မိလို့ ကျုပ်ကိုကျုပ် ဂုဏ်ယူသဗျာ” ဂျီယိုဒီနိုက ငါ့စကားနွားရ ပြောလိုက်ပြီး ရှေ့က လျှောက်သွား၏။

“ငါ့အာရုံကို ငါယုံသကွ၊ ဒီအခန်းထဲကနေ ဘယ်သူမှ ငါတို့ကို ချောင်းမရိုက်စေရဘူးကွာ၊ ဆယ်ဒေါ်လာကြေး လောင်းမလား” ရူဒီဂန်းက တတွတ်တွတ်ပြောရင်းနောက်မှ လိုက်လာသည်။

အခန်းလေးနားနီးလာလေလေ၊ သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားလေ ဖြစ်လာကြသည်။ ကျောရိုးထဲမှ စိမ့်တက်လာ သလို ခံစားမှုကြီးကို မသက်မသာခံစားနေကြရသည်။ အခန်းထဲသို့ ဝင်လိုက်ကြ၏။ နံရံတွေမှာ ဘာသင်္ကေတမှ မရှိပါ။ စူးရှသော အဝါရောင် ဓါတ်မီးအလင်းရောင်အောက်တွင် သူတို့မြင်လိုက်ရသည်ကား……………………..

Advertisement

One Comment (+add yours?)

  1. သောကြာ
    May 10, 2009 @ 15:26:03

    ဟင် !! အဲဒါကြောင့်ပြောတာ ဗျာ …… စာရေးဆရာ အဖြတ်အရပ် တော်တယ်လို့ … :)

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

May 2009
M T W T F S S
« Apr   Jun »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.