အတ္တလန်တစ် ရှာပုံတော် (၂၈)

ကျောက်ကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေကြသော မံမီရုပ်အလောင်းကောင် နှစ်ဆယ်တိတိ ဖြစ်တော့သည်။ မံမီ အလောင်းနှစ်ခုက အနည်းငယ်ပိုမြင့်သော ကျောက်ကုလားထိုင်များပေါ်တွင် ရှိပြီး အခန်းအပေါက်ဝကို မျက်နှာချင်း ဆိုင်ထားသည်။ ကျန်ဆယ့်ရှစ်လောင်းကို အခန်းထဲတွင် မြင်းခွာပုံ ညီညီညာညာ စီစီရီရီ နေရာချထားသည်ကို တွေ့ကြ ရသည်။ဂျီယိုဒီနိုသည် မမျှော်လင့်သည်ကို တွေ့လိုက်ရသဖြင့် ချောက်ခြားသွားသည်။ မံမီအလောင်းများနောက်ကွယ်မှ နှစ် ပေါင်းများစွာ ဝိဥာဉ်ချုပ်ခံထားရသည့် သရဲ သဘက်ကြီးများ ဗြုန်းကနဲ ကိုယ်ထင်ထွက်ပြကြမည်လား။

“ဒီနေရာက ဘာလဲ” အမြဲဟောင်ဖွာ ဟောင်ဖွာ ကျယ်ကျယ်လောင်လောင် သူ့အသံသည် ခုတော့ ထွက်သည်ဆိုရုံမျှ တိုးတိုးကလေး။

“ငါတို့ အလွန့်အလွန် ရှေးကျတဲ့ ဂူသင်္ချိုင်းတစ်ခုထဲ ရောက်လာတာကွ၊ ဒီမံမီတွေရဲ့ အဝတ်အစားတွေကို ကြည့်ပါ လား” ဂန်းက တည်ငြိမ်စွာပြောလိုက်သည်။

မံမီများနှင့် သူတို့ဦးခေါင်းမှ ရှည်လျှားနက်မှောင်သည့် ဆံပင်များက အလောင်းဆေးစိမ်သည့်ပညာ၏ အဆင့်မြင့်မားမှု ကိုဖော်ပြလျှက်ရှိသည်။ ယခုတွေ့နေရသော မံမီများသည် အီဂျစ်မံမီများကဲ့သို့ ခြေဆုံးခေါင်းဆုံး ပတ်တီးပါတ်ထားခြင်း မျိုးမဟုတ်။ စီမံခဲ့သည်မှာ မည်မျှကြာမြင့်သည်ကို မသိရသော်လည်း သူတို့၏ မျက်နှာသွင်ပြင်သည် အလွန်ထင်ရှား ပေါ်လွင်လှပြီး အဝတ်အစားများမှာလည်း အသွေးအရောင်စုံလင်စွာတွေ့နေရသေးသည်။ အခန်းပေါက်ဝကို မျက်နှာမူ ထားသော ခပ်မြင့်မြင့်ကျောက်ကုလားထိုင်ပေါ်မှ အလောင်းနှစ်ခုက ပင်လယ်ရေမှော်လိုအရာများဖုံးလွှမ်းနေသော် လည်း သူတို့၏ အဝတ်အစားများသည် အခြားအလောင်းများထက် ပို၍တောက်ပြောင်သားနားမှန်း ထင်ရှားလွန်းလှ သည်။ ကြေးနီကို အနုစိတ် ဒီဇိုင်းဖော် ထားပြီး ကျောက်မျက်များမြှပ်နှံထားသည့် သရဖူကဲ့သို့ အရာများကို ခေါင်းတွင် ဆောင်းထားကြသည်။ အနီ၊ အပြာ၊ အစိမ်း အရောင်အသွေးစုံလင်လှသော ကျူးနစ်အင်္ကျီရှည်ကြီးများကို ဝတ်ဆင် ထားကြပြီး ကော်လာမှ ဒူးဆစ်ခန့်အထိ အော့ပ်ဆီဒီယန်၊ ကြေးနီနှင့် ကနုကမာခွံများကို အင်္ကျီပေါ်တွင်လှပစွာ ချုပ်လုပ် ခြယ်သထားသေးသည်။ ခြေထောက်တွင်တော့ ဒူးဆစ်ခန့်ထိရှည်သော သားရေဟုယူဆရသည့် ဖိနပ်များကို စီးထားကြသည်။

အသွင်သဏ္ဍာန် အရ ထိုအလောင်းနှစ်ခုသည် အခြားသော မံမီရုပ်အလောင်းများထက် ပို၍ အဆင့်မြင့်၊ အရေးပါသူ များမှန်းထင်ရှားလှသည်။ ဘယ်ဖက်မှ ရုပ်အလောင်းသည် ညာဖက်မှ အလောင်းထက်အနည်းငယ်ပို၍ အရပ်မြင့်ပြီး အလုံးအထည်ပိုကြီးသည်။ အလောင်းအားလုံးမှာ ဆံပင်ရှည်များကိုယ်စီ ရှိကြ၍ ဆံပင်ကိုကြည့်၍ ယောင်္ကျား၊ မိန်းမ ခွဲခြား၍မရ၊ သို့သော်လည်း ထင်းနေသောမေးရိုးများနှင့် မျက်ခုံးများရှိသော အလောင်းများကို ယောင်္ကျားအလောင်း များဟု သတ်မှတ်လိုက်ကြသည်။

ထိုသို့ ခွဲခြားကြည့်လိုက်သောအခါ ထင်ရှားလာသည့်အချက်မှာ ယောင်္ကျားအလောင်းများအားလုံးသည် ညာဖက်တွင် ရှိပြီး မိန်းမအလောင်းများသည် ဘယ်ဖက်တွင်ရှိကြောင်းတွေ့လာရသည်။ ထူးခြားသည်က အလောင်းများအားလုံး၌ အခန်းပေါက်ဝမှ အလောင်းနှစ်ခုလောက် ကျောက်မျက်ရတနာ စီခြယ်ထားခြင်းမရှိသော ကြေးနီသရဖူများကိုယ်စီ ဆောင်းထားကြခြင်းပင်။

နံရံတစ်ဖက်တွင် အော့ပ်ဆီဒီယန်ကျောက်သားဖြင့် ပြုလုပ်ထားသော လှံရှည်များကို စီတန်း၍ထောင်ထားသည်။ မံမီ ရုပ်အလောင်းကောင်များ၏ ခြေရင်းတွင် ကြေးပန်ကန်ပြားတစ်ချပ်၊ ကြေးခွက်တစ်လုံးနှင့် ကြေးဇွန်းတစ်ချောင်းစီ ကိုတွေ့ရသည်။ ထိုကြေးပစ္စည်းများတွင် အပေါက်ကလေးများပါသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူများသည် သွားလေရာ ဤပစ္စည်းများကို ကြိုးဖြင့်လွယ်သွားကြပုံပေါ်သည်။ ကိုယ်ပိုင်ထမင်းစားပစ္စည်းများပေါ့။ မြင်းခွာပုံ စီတန်းထိုင်နေကြသော အလောင်းများ၏ အလယ်မှာတော့ လှပစွာထွင်းထုထားသည့် ကြေးနီပစ္စည်းမျိုးစုံ တောင်ပုံ ရာပုံ ရှိနေ၏။ ကြေးဖြင့် အနုစိတ်ပြုလုပ်ထားသော ပန်းခက်၊ ပန်းနွယ်များ၊ သစ်ရွက်များလည်း တပုံတပင်။

ဂန်းသည် မံမီရုပ်အလောင်းများကို အနီးကပ်လေ့လာရင်း အံ့သြမဆုံးရှိနေသည်။ ဤလူများသည် ရုပ်အလောင်း ဆေးစိမ်သည့် အတတ်ပညာတွင် အီဂျစ်ထက် အဆပေါင်းများစွာသာလွန်သည်မှာ သေချာလှသည်။

“ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့လက္ခဏာ မရှိဘူး၊ သူတို့အားလုံး အိပ်ပျော်နေတုန်းသေသွားကြသလိုပဲ။ ဘယ်သူမှ မရှိတဲ့နေရာမှာ ဒီလိုလူတွေရှိနေတာ ငါဖြင့်ယုံတောင်မယုံနိုင်ဘူး”

“သူတို့ကို ကုလားထိုင်ပေါ်တင်ပေးဖို့ တစ်ယောက်ယောက်ကတော့ အသက်ရှင်နေမှ ဖြစ်မှာပေါ့”

“မှန်တယ်၊ မင်းသေချာကြည့်ရင် သူတို့အနေအထားတွေ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး၊ တချို့ က လက်ပိုက် ထားတယ်။ တချို့ က ကုလားထိုင်ပေါ် လက်တင်ထားတယ်။ ဟိုခုံမြင့်ကြီးတွေ့ပေါ်က ဘုရင်နဲ့ မိဖုရားလား ဘာလား က မေးကိုလက်ထောက်ထားကြတယ်ကွ၊ ဒါက သူတို့ရဲ့ ကံကြမ္မာနဲ့ ဘဝလားရာကို ညွှန်ပြနေကြတာများလား”

“ရူဒီ ခင်ဗျားကတော့ အလွန်အကျွံတွေ ပြောနေပြန်ပြီ” ဂျီယိုဒီနိုက မယုံတဝက် ယုံတဝက်ဖြင့် ငြီးတွားလိုက်သည်။

“တွတ် ဘုရင်ရဲ့ ဂူသင်္ချိုင်းထဲ ပထမဆုံးရောက်သွားတဲ့ ဟိုးဝပ်ကာတာလို ကိုယ့်ကိုယ်ကို မခံစားမိဘူးလား အယ်လ်”

“တော်ပါဗျာ။ ဟိုးဝပ်က ကျုပ်တို့ထက်ကံကောင်းတယ်ဗျ၊ ကျုပ်တို့ မတွေ့တာကို သူတွေ့တယ်”

“ဘာကို တွေ့တာလဲ”

“ခင်ဗျားပဲ ကြည့်လိုက်ပါဦး၊ ရွှေလည်းမရှိ၊ ငွေလည်းမရှိ၊ စိန်နဲ့ပတ္တမြား နတ္ထိ၊ ကြေးနီလောက်ကို အမြတ်တနိုး ရတနာ လုပ်ဝတ်နေတဲ့ လူတွေ၊ တကယ်လို့ ဒီလူတွေသာ တွတ်ဘုရင်ရဲ့ အမျိုးတွေဆိုရင် လေးဆယ့်ငါး ဝမ်းကွဲလောက် ကွဲတဲ့ ဆင်းဆင်းရဲရဲ စုတ်တီးစုတ်ပဲ့ ဘုရားစူးမိုးကြိုးပစ် အမျိုးတွေနေမှာ”

ဂျီယိုဒီနို စကားကြောင့် ရူဒီဂန်းတစ်ယောက် ခွက်ထိုးခွက်လန် ရယ်မိသည်။

“မင်းကတော့လုပ်ပြီ။ ဒါနဲ့ ဒီအလောင်းတွေ ဘယ်အချိန်လောက်ကတည်းက ဒီမှာ ရှိနေသလဲဆိုတာ ငါစဉ်းစားလို့ မရဖူးဖြစ်နေတယ်”

“ဘယ်အချိန်က ဆိုတာထက် ဘာကြောင့်ဒီမှာ ရှိနေသလဲလို့ မေးရမှာဗျ၊ ကျုပ် အပြင်မှာ ကင်မရာ သွားယူလိုက်ဦး မယ်”

နောက်ငါးနာရီလုံးလုံး ဂျီယိုဒီနိုသည် အခန်းတစ်ခုလုံးကို တစ်လက်မချင်းစီ ပိုက်စိပ်တိုက်၍ ကင်မရာဖြင့်မှတ်တမ်းတင် နေသည်။ ရူဒီဂန်းကလည်း တွေ့ရှိခဲ့သမျှ အားလုံးကို အသံဖမ်းစက်ကလေးဖြင့် အသံသွင်းယူပြီး ရှေးဟောင်းပစ္စည်း စာရင်းကို မှတ်စုစာအုပ်ဖြင့်မှတ်နေ၏။ သူတို့သည် အခန်းထဲမှ မည်သည့်ပစ္စည်းကိုမှ မထိတွေ့အောင် အထူးဂရုစိုက်၍ လုပ်ဆောင်နေကြသည်။ မနုဿဗေဒ နှင့်ရှေးဟောင်းသုတေသန ပညာရှင်များမဟုတ်ကြသော သာမာန်လူများအနေ ဖြင့် သူတို့ထက်ကောင်းအောင် မည်သူမျှ လုပ်ဆောင်နိုင်မည်မဟုတ်သော မှတ်တမ်းတင်မှုကို ရူဒီဂန်းနှင့် ဂျီယိုဒီနို တို့ နှစ်ဦး သည်းကြီးမည်းကြီးလုပ်ဆောင်နေကြသည်။

အလုပ်အားလုံးပြီးသွားတော့ ညနေစောင်းနေပြီ။ သူတို့ဖောက်လုပ်ထားသော အပေါက်မှ တွားသွား၍ ထွက်လာခဲ့ကြ သည်။ ဂျီယိုဒီနိုသည် ကျောက်တုံးကြီးများကို ချွေးဒီးဒီးကျအောင်မ၍ ထိုအပေါက်ကို စနစ်တကျ ပြန်လည်ပိတ်ဆို့နေ သည်ကို တွေ့ရသဖြင့် ရူဒီဂန်းက-

“မင်းဘာလို့ အပေါက်ပြန်ပိတ်နေတာလဲ” ဟုမေးလိုက်သည်။

ဂျီယိုဒီနို ကချွေးများသီးနေသော မျက်နှာကြီးဖြင့် ဂန်းကို လှည့်ကြည့်ရင်း-

“အလကားမပေးနိုင်လို့ဗျို့ ၊ ပစ္စည်းတိုင်းမှာ တန်ရာတန်ကြေးရှိတယ်မဟုတ်လား။ နောက်ဒီနေရာကို ဝင်လာတဲ့ ဘယ် သူ ဖြစ်ဖြစ်အထဲဝင်ချင်ရင် ကျုပ်တို့ပင်ပန်းသလို ပင်ပန်းပါစေဆိုတဲ့ စေတနာကြောင့်ပေါ့ဗျာ”

လေရေ မိုးပါ ကျနေဆဲဖြစ်သော်လည်း ကိုက်ငါးဆယ်ခန့် တက်ရသည်မှ လွဲ၍ အဆင်းလမ်းဖြစ်သောကြောင့် အပြန် ခရီးသည် မြန်ဆန်သွက်လက်လှသည်။ တောင်တက်လမ်းကလေးမှ ဖယ်ခွာ၍ တေ့လ်-ရိုတာ လေယာဉ်ရှိရာ အ နောက်ဖက်တောင်စောင်းဆီသို့ စတင်လျှောက်လှမ်းကြစဉ်- ဝုန်းကနဲ မုန့်ပုံးထဲ ဗျောက်အိုး ထည့်ဖောက်လိုက်သလို ခပ်အုပ်အုပ် အသံကြီးတစ်ခုကို ကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် မီးခိုးများနှင့် လိမ္မော်ရောင်မီးညွှန့်များ ထိုးတက် လာသည်ကိုတွေ့လိုက်ကြရသည်။ တေ့လ်-ရိုတာလေယာဉ် မီးလောင်ပေါက်ကွဲသွားပါပကော။

ရူဒီဂန်း နှင့် ဂျီယိုဒီနိုသည် မီးလောင်ပျက်စီးပြီး တောင်စောင်းပေါ်တွင် တွဲလောင်းကြီးဖြစ်နေသော တေ့လ်-ရိုတာကို ပါးစပ်ကြီးများ အဟောင်းသား ကြည့်နေမိကြသည်။ ရုတ်တရက် ဘာလုပ်ရမည်မှန်းမသိကြ။ တစ်ယောက်နှင့် တစ်ယောက်လည်း စကားမပြောမိပဲ ဒီအတိုင်းငူငူကြီး ရပ်နေမိကြသည်။

အတန်ကြာတော့မှ-

“ဒါ- ဒါမဖြစ်နိုင်ဘူး” ရူဒီဂန်း၏ အသံတိုးတိုးလေးထွက်လာသည်။

“ဒီနေရာမှာ ဘာသင်္ဘောမှမရှိဘူး၊ နောက်ထပ် ဘယ်လေယာဉ်၊ ဟယ်လီကော်ပတာမှလည်း ဆင်းလို့မရဘူး၊ တစ် ယောက်ယောက်က လေယာဉ်ထဲ ဗုံးထည့်ပြီး တို့မသိအောင် ထွက်ပြေးသွားဖို့ဆိုတာ အတောင်ပံပါမှပဲ ရလိမ့်မယ်”

“မတုံးစမ်းပါနဲ့ ရူဒီရာ။ ဗုံးက ကျုပ်တို့ ကိတ်တောင်းက မထွက်ခင်ထဲက အပြန်ခရီးအတွက်ချိန်ကိုက်ပြီး ထည့်လွှတ် လိုက်တာဗျ” ဂျီယိုဒီနို ၏အသံသည် ရေခဲတမျှအေးစက်နေသည်။

“ဒါဆို ငါတို့ ဟိုအခန်းထဲဝင်နေတာ—————-”

“ဟုတ်တယ်။ အဲဒီ မံမီတွေထားတဲ့ အခန်းထဲ ဝင်နေမိလို့ ကျုပ်တို့အသက်ရှင်တာ။ သူတို့က ကျုပ်တို့ ဒီနေရာမှာ တစ်နာရီ၊ အလွန်ဆုံး နှစ်နာရီထက်ပိုနေမှာ မဟုတ်ဖူးလို့တွက်ပြီး ကိတ်တောင်းအပြန်ကျမှ အိန္ဒိယသမုဒ္ဒရာထဲ ကျသေအောင် သေချာလုပ်လွှတ်လိုက်တာ”

“ငါတို့ ဒီကျွန်းကိုလာမယ်ဆိုတဲ့ အကြောင်း သိပုံထောက်ရင် တစ်ယောက်ယောက်တော့ သစ္စာဖောက်ပြီထင်တယ်၊ တို့ ဒီအကြောင်း ဗိုလ်ချုပ်ကြီးဆီသတင်းပို့ပြီး ကယ်ဆယ်ရေးလွှတ်ခိုင်းမှ ဖြစ်မယ်”

“နေဦး ရူဒီ၊ စကားဝှက်နဲ့ သတင်းပို့ဗျ၊ ဒီကောင်တွေက သောက်ကျိုးနည်းတော်တယ်၊ ကျုပ်တို့လေယာဉ် ကို ဗုံးထည့် လွှတ်နိုင်ရင် ဂြိုလ်တုဖုန်းလည်း ခိုးနားထောင်လို့ရမှာပဲ။ ဒီအချိန်မှာ ဒီကောင်တွေ ကျုပ်တို့သေသွားပြီလို့ ထင်သွားရင် အကောင်းဆုံးပဲ”

ရူဒီဂန်းသည် ဂလိုဘယ်စတားဖုန်းကို ထုတ်ပြီးနံပါတ်နှိပ်ခါနီးဆဲဆဲ ရုတ်တရက်-

“နေဦးကွ၊ အခန်းထဲမှာ ခြေရာလက်ရာ ဘာမှမရှိပုံထောက်ရင် စတုတ္ထအင်ပါယာဆိုတဲ့ ငနဲတွေ ဒီအခန်းထဲမရောက် သေးဖူး ဆိုတဲ့သဘောပဲ။ ဒါဆိုအနှေးနဲ့ အမြန်ရောက်လာကြလိမ့်မယ်။ ကယ်ဆယ်ရေးအဖွဲ့ထက် သူတို့က အရင်များ ရောက်လာကြရင်—————-” ပြောပြောဆိုဆို ဂျီယိုဒီနိုအား အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

ဂျီယိုဒီနိုက ပုခုံးတွန့်ပြလိုက်ပြီး-

“ဒါဆိုလည်း ကျုပ်တို့အခု အချိန်ရတုံး ခဲပစ်လေ့ကျင့်ထားကြရအောင်၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့မှာ ဒီကောင် တွေကို ခုခံစရာ ကျောက်ခဲပဲရှိတာကိုးဗျ”

ဂန်းသည် ကျောက်တုံးကျောက်ခဲများ ပြည့်နှက်နေသော ပါတ်ဝန်းကျင်ကို သိမ်းကြုံးကြည့်ရှုလိုက်သည်။ ပြီးမှ-

“အေးပေါ့ကွာ၊ အဲဒီတော့လည်း ကျည်ဆန်ကုန်မှာ မစိုးရိမ်ရတော့ဘူးပေါ့” ဟု ခပ်အေးအေးပြောလိုက်လေသည်။

Advertisement

One Comment (+add yours?)

  1. မင်းဒင်
    May 14, 2009 @ 09:19:26

    ညီညီညာညာ စီစီရီရီ ..
    သိမ်းကြုံးကြည့်ရှုလိုက်သည်။ စာလုံးတွေ ဖောင်းပွသလိုပဲနော် ။

    တညီတည်း စီရရီ ၊
    သိမ်းကြုံးကြည့်လိုက်သည်။ .. ဆိုလည်း ရနိုင်သလားလို့ ။

    မမုန်းနဲ့နော်၊ အကျင့်ပါနေလို့ပါ ။
    ဘာဘဲဖြစ်ဖြစ် အားလုံးကောင်းပါသည် ခင်ဗျား လို့လည်း ပြောချင်ပါတယ် ။

    လေးစားလျက် ၊

    မင်းဒင်

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

May 2009
M T W T F S S
« Apr   Jun »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.