အတ္တလန်တစ် ရှာပုံတော် (၂၉)
16 May 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ ထံမှ ကပ္ပတိန် ဂယ်လက်စပီးထံသို့ ခရီးစဉ် ဆိုင်းငံ့ထားရန် အကြောင်းကြားချက်ရောက်ရှိ လာချိန်တွင် ဝင်ရိုးစွန်းမုန်တိုင်းသည် သိပ္ပံပညာရှင်များကိုတင်ဆောင်၍ အန္တာတိက ပနင်ဆူလာမှ ဝက်ဒယ်လ် ပင်လယ် ကိုဖြတ်ကျော်နေချိန်ဖြစ်၏။ သို့နှင့် ကပ္ပတိန် ဂယ်လက်စပီးသည် ဝင်ရိုးစွန်းမုန်တိုင်းအား ပရင့်စ်အိုလက်ဗ် ကမ်းခြေသို့ ဦးတည်မောင်းနှင်စေသည်။ ထိုနေရာရှိ ဆယိုဝါ ဂျပန်သုတေသန စခန်းတွင်သင်္ဘောကို ရပ်နားပြီး နောက်ထပ် ညွှန်ကြားချက်ကိုစောင့်ရန် ဖြစ်၏။ ဂယ်လက်စပီးသည် အင်ဂျင်နီယာချုပ်အား သင်္ဘောကို စက်ကုန်ဖွင့် မောင်းခိုင်း၏။ အင်ဂျင်နီယာချုပ်ကလည်း ၂ဝ နော့ထ် နှုန်းဖြင့် မိုက်မိုက်ကန်းကန်း သင်္ဘောကို မောင်းနှင်၏။ လွန်ခဲ့ သည့် နှစ်ဆယ့်နှစ်နှစ်က သင်္ဘောတည်ဆောက်သူများက ဝင်ရိုးစွန်းမုန်တိုင်း၏ အမြန်ဆုံးနှုန်းမှာ ၁၈ နော့ထ်ဖြစ် ကြောင်းပြောခဲ့သည်ကို ဂယ်လက်စပီးသတိရမိသေးသည်။
ဆုံမှတ်ရှိရာနေရာသို့ ရှစ်နာရီတိတိ စော၍ရောက်ရှိသည့်အတွက်ကြောင့် ဂယ်လက်စပီးမှာ သူ့သင်္ဘောအိုကြီးအတွက် မာန်တက်နေ၏။ သင်္ဘောကျောက်ဆူးချရန် ရေပြင်သည်နက်လွန်းသည့် အတွက်နီးစပ်ရာရေခဲထုကြီး တစ်ခုအနားမှာ ကပ်ထားရသည်။ ထို့နောက် ဂယ်လက်စပီးသည် ဆန်ဒက်ကာကို သူ၏သင်္ဘော ဆုံမှတ်သို့ရောက်ပြီ ဖြစ်ကြောင်းနှင့် နောက်ထပ်ညွှန်ကြားချက်ကို စောင့်စားလျှက်ရှိကြောင်း သတင်းပို့လိုက်သည်။
ဆန်ဒက်ကာ၏ ပြန်ကြားချက်က တိုတောင်းလှသည်။
“ခရီးသည် တစ်ယောက်လာလိမ့်မယ်၊ စောင့်ပြီးခေါ်သွားပါ”
စောင့်စားနေရသော အချိန်အတွင်း သင်္ဘောပေါ်ရှိ မည်သူမှ အားအားယားယားမနေကြရပါ။ သိပ္ပံပညာရှင်များသည် ၄င်းတို့၏ သုတေသနလုပ်ငန်းများကို ကွန်ပြူတာများပေါ်တွင် အဖြေရှာနေကြချိန်တွင် သင်္ဘောသားများက သင်္ဘော ကို ပြုပြင်ဖာထေးကြရသည်။
သူတို့ ကြာကြာမစောင့်လိုက်ရပါ။
ဝက်ဒယ်လ်ပင်လယ်မှ ထွက်လာပြီး ငါးရက်အကြာ နံနက်ခင်းတွင် ဂယ်လက်စပီးသည် ရေခဲပြင်ကို မှန်ပြောင်းတစ် လက်ဖြင့် လေ့လာနေခိုက် ဝင်ရိုးစွန်းမုန်တိုင်းဆီသို့ ဦးတည်ပျံသန်းလာသော ဟယ်လီကော်ပတာ တစ်စီးကို တွေ့လိုက် ရသည်။ ဂယ်လက်စပီးသည် သူ၏ ဒုတိယကုန်းပါတ်အရာရှိကို ရဟတ်ယာဉ်ဆင်းသက်ရန် ညွှန်ကြားလိုက်သည်။
ဟယ်လီကော်ပတာသည် စက္ကန့်ပိုင်းအတွင်း ဝင်ရိုးစွန်းမုန်တိုင်း၏ ကုန်းပါတ်ပေါ်ဆင်းသက်လာသည်။ လက်ဆွဲ သေတ္တာတစ်လုံး၊ ခရီးဆောင်အိတ်တစ်လုံး လွယ်ထားသည့်လူတစ်ယောက် ခုန်ဆင်းလာပြီး ဒုတိယကုန်းပါတ် အရာရှိ နှင့် စကားပြောနေ၏။ ပြီးတော့ ရဟတ်ယာဉ်ဆီပြန်လှည့်လာပြီး ပိုင်းလော့ကို စကားအနည်းငယ်ပြော၏။ မကြာမီ ရဟတ်ယာဉ်သည် ပြန်လည်ထွက်ခွာသွားသည်။ ဒတ်ပစ်သည် သူ့ကို ကြည့်နေသော ကပ္ပတိန်ဆီသို့ ဦးတည်လျှောက် သွား၏။
“ဟယ်လို ဒန်၊ မတွေ့ရတာကြာပြီနော်”
“ဟေး ဒတ်၊ မင်းဘယ်က ဘယ်လိုရောက်လာတာလဲ”
“ပွန်တာ အရီနာကနေ ဆယိုဝါ ဂျပန်သုတေသန စခန်းထိ လေတပ်က ဂျက်လေယာဉ်နဲ့ထွက်လာတာ။ ဂျပန်တွေက ခင်ဗျားတို့ သင်္ဘောထိ သူတို့ ရဟတ်ယာဉ်နဲ့ ပို့ပေးတယ်လေ”
“အဲဒါပြောတာမဟုတ်ဘူးလေ။ မင်းဒီ အန္တာတိက သမုဒ္ဒရာထဲ ဘာကိစ္စနဲ့ ဘယ်လိုရောက်လာသလဲလို့ မေးတာကွ”
“သြော်-သြော် ပရောဂျက်လေးတစ်ခု အတွက်ပါ”
“မင်းငါ့ကို မဖြီးနဲ့ ပစ်၊ ဗိုလ်ချုပ်ကြီးကလည်း ငါမေးတော့ မြုံစိစိလုပ်နေတယ်၊ မင်းလာမယ်လို့လည်း ငါ့ကိုမပြောဖူး၊ ခရီးသည်တစ်ယောက် လမ်းကြုံလိုက်ချင်သလေး ဘာလေးလုပ်နေတယ်”
“သူလည်း သူ့အကြောင်းနဲ့ သူရှိမှာပေါ့လေ” ဒတ်ပစ်သည် လက်ဆွဲသေတ္တာထဲမှ မြေပုံစာရွက်တစ်ခုကို ထုတ်၍ တစ် နေရာကို လက်ညှိုးထိုး၍-
“ကျွန်တော် သွားချင်တာဒီနေရာပဲ” ဟုပြောလိုက်သည်။
ဂယ်လက်စပီးသည် မြေပုံကိုသေချာကြည့်၍-
“စတီဖင်ဆင် ပင်လယ်အော်ပဲ၊ ကန့်ပ် ကမ်းရိုးတန်းက ဟော့ဘ်ကျွန်းစုနားမှာပဲ၊ ဘာမှလည်းစိတ်ဝင်စားစရာ မရှိပါဘူး။ ဘာကိစ္စများ သွားချင်ရတာလဲ”
“သင်္ဘောပျက်တစ်စီး သွားရှာမလို့”
“ရေအောက်မှာလား”
“မဟုတ်ဖူး၊ ရေခဲပြင်ထဲမှာ ညပ်နေတာ”
==========================
စတီဖင်ဆင် ပင်လယ်အော်သည် ဂယ်လယ်စပီးပြောပြသည်ထက် ပို၍ခေါင်သော၊ ဘာဆိုဘာမှ စိတ်ဝင်စားစရာ မရှိ သောဒေသ ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်ပြင်တွင် တိမ်မည်းညိုများဖြင့် မဲပုတ်နေချိန်တွင် လေသည် အပ်နှင့် ထိုးလိုက်သလို အေးစိမ့်နေသည်။ ထိုဒေသ၊ ထိုရာသီဥတု ကပစ်ကို စိတ်ပျက်အောင်မစွမ်းဆောင်နိုင်၊ ၁၈၅၈ ခုနှစ်က ဘရက်ဖို့ဒ်နှင့် ရိုဆန်နာတို့ ရှာဖွေတွေရှိခဲ့သော သင်္ဘောကုန်းပါတ်ကို စိတ်ကူးဖြင့် မြင်ယောင်ကြည့်လိုက်သော အခါ သွေးထဲဝင်လာသော အက်ဒရီနယ်လင်နှင့် ကက်တီကောလ်အေမင်း ဟိုမုန်းများအရှိန်ကြောင့် သူ့တစ်ကိုယ်လုံး ပူရှိန်း ရှိန်းဖြစ်လာ၏။ ရာစုနှစ်တစ်ခု နှင့်တစ်ဝက်ခန့် ကြာမြင့်ပြီးနောက် မဒရပ်သင်္ဘောကို ထိုနေရာမှာ နဂိုနေအတိုင်း သူရှာတွေ့ပါဦးမလား၊ ရေခဲတုံးများက ခွဲချေလိုက်ကြပြီလား၊ ပျက်စီး ပျောက်ကွယ်သွားလေပြီလား။
ပစ်သည် ကုန်းပါတ်ပေါ်တွင် ဂယ်လက်စပီးကို မှန်ပြောင်းတစ်လက်ဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေသည်ကို တွေ့ရသဖြင့်-
“ဒန် ဘာတွေကြည့်နေတာလဲ၊ ဝေလငါး ဖမ်းမလို့ ရှာနေတာလား” ဟုမေးလိုက်သည်။
“ယူဘုတ် ကိုရှာနေတာကွ” ဂယ်လက်စပီး၏ အဖြေကို ပစ်က သူ့ကိုနောက်နေသည် ထင်သဖြင့်-
“ယူဘုတ်က ဒီမှာဘယ်ရှိမလဲဗျ၊ ခင်ဗျားမှာ အချိန်နောက်ပြန်ရွှေ့ စက် ရှိရင်တော့ ၁၉၄၂ လောက်ကိုပြန်သွားပြီး ပိစိဖိတ် သမုဒ္ဒရာထဲသွားပြန် ရှာကြည့်ပေါ့ဗျာ” ဟုပြောလိုက်သည်။
ဂယ်လက်စပီးက သူ့မျက်နှာကို မှန်ပြောင်းမှ မခွာပဲ-
“တစ်စီးရှိတယ်ကွ။ ယူ ၂ဝ၁၅ ပဲ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ငါ့သင်္ဘောနဲ့ တိုက်မိမလို ဖြစ်ပြီးကတည်းက တို့ နောက်လိုက်နေတာ”
ဒတ်ပစ်သည် သူ့နားကို သူမယုံနိုင်အောင်ဖြစ်နေ၏။ ထို့ကြောင့် ဂယ်လက်စပီးအား-
“ဒန် ခင်ဗျားတကယ်ပြောနေတာလား” ဟုမေးလိုက်၏။
ဂယ်လက်စပီးက တကယ်ပြောခြင်းဖြစ်ကြောင်း ဝန်ခံ၍ တဆက်တည်း ယူ-၂ဝ၁၅ နှင့်ဆုံစည်းခဲ့ပုံကို ဒတ်ပစ်အား အ သေးစိတ် ဖောက်သည်ချနေသည်။
“ငါ့ စာကြည့်တိုက်ထဲက ဓါတ်ပုံနဲ့တိုက်ကြည့်ပြီးပြီကွ၊ ယူ ၂ဝ၁၅ သေချာတယ်။ ဒီလောက်နှစ်အကြာကြီး ဘယ်နားမှာ ပျောက်နေသလဲ၊ ငါတို့သင်္ဘောကို ဘာကြောင့်လိုက်နေသလဲတော့ လာမမေးနဲ့၊ ငါမသိဘူး၊ ဒါပေမဲ့ သူတကယ်ရှိတာ တော့ သေချာတယ်”
ပစ်သည် ဂယ်လက်စပီးနှင့် ပရောဂျက်လေးခုလောက် အတူတွဲလုပ်ခဲ့သူဖြစ်သဖြင့် အသုံးလုံး သုတေသနသင်္ဘော ကပ္ပတိန်များအနက် စိတ်အချရဆုံးဖြစ်ကြောင်းသိရှိပြီးဖြစ်သည်။ ဒန်ဂယ်လက်စပီးသည် အပြောသမားမဟုတ်မှန်း သူကောင်းစွာသိသည်။
“ဒါပေမဲ့ ဘယ်သူက ယုံနိုင်——————” ပစ်အသံ ပြောရင်းပျောက်သွား၏။ သူဘာဆက်ပြောရမှန်းလည်း မသိ တော့။
“မင်းယုံမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ငါ့မှာ သက်သေရှိတယ်။ ငါ့သင်္ဘောနဲ့ အဲဒီရေငုတ်သင်္ဘော တိုက်မိ မလိုဖြစ်တော့ သင်္ဘောပေါ်မှာပါလာတဲ့ မဂ္ဂဇင်းသတင်းထောက် မစ္စအီဗီတန်က ယူဘုတ် ရေငုတ်သင်္ဘောကို ဓါတ်ပုံ မှတ်တမ်းယူထားလိုက်နိုင်တယ်”
“အခု ခင်ဗျားတွေ့သလား”
“အခုထိတော့ မတွေ့သေးဘူးကွ၊ ရေနက်ပိုင်းမှာ ငုတ်နေတယ်ထင်တယ်”
“ဒါဆို ဒီနေရာကို အဲဒီရေငုတ်သင်္ဘောရောက်နေမှန်း ခင်ဗျားဘယ်လိုလုပ်သိသလဲ”
“ငါတို့သင်္ဘောက သိပ္ပံပညာရှင်တစ်ယောက်က ဝေလငါးအသံဖမ်းဖို့ ရေအောက်ကို မိုက်ခရိုဖုန်းတွေချထားတယ်ကွ၊ သင်္ဘောနောက် မိုင်ဝက်လောက်က ရေအောက်အသံကိုကြားနိုင်တယ်။ ယူ ၂ဝ၁၅ ကဘာသံမှ မကြားရတဲ့ နျူစွမ်း အင်သုံး ရေငုတ်သင်္ဘောမှ မဟုတ်တာ၊ သူ့အင်ဂျင်သံကို ခွေးဟောင်သံလိုကို ငါတို့အကျယ်ကြီး ကြားနေရတယ်”
ပစ် ဦးဏှောက်ထဲတွင် အချက်ပေးသံတွေဆူညံလာသည်။ နာဇီလက်သစ်ဟု သံသယရှိစရာဖြစ်လာသည့် စတုတ္တ အင်ပါယာအမည်ရှိ လူသတ်ဂိုဏ်းနှင့် ခေတ်ဟောင်းက ယူဘုတ်ရေငုတ်သင်္ဘော၊ အဆက်အစပ်က ထင်ရှားလွန်းလှ သဖြင့် ဟုတ်ပါ့မလားလို့တောင် သံသယ ရှိစရာဖြစ်သည်။ သို့သော်လည်း အတော်လေးကို ခိုင်မာသည့် ကျိုးကြောင်း ဆက်စပ်မှုဖြစ်နေသည်။
“ဒန်၊ ဗိုလ်ချုပ်ကြီးကို ချက်ချင်းအကြောင်းကြာပါ၊ အကူအညီလိုတယ်လို့ ပြောပါ”
“တွမ်နဲ့ ဂျယ်ရီ (ကြောင်နဲ့ကြွက်) လိုကစားပွဲလေး ကျင်းပမလို့လား” ယူဘုတ်ရေငုတ်သင်္ဘောကို ရည်ညွှန်း၍ ဂယ်လက်စပီးက ပစ်ကိုမေးလိုက်သည်။
ပစ်ခေါင်းခါလိုက်သည်။
“တကယ်လို့ ကျွန်တော်ထင်တဲ့အတိုင်းသာ မှန်ရင် ဒီကောင်တွေ ကျွန်တော်တို့ မဒရပ်သင်္ဘောကို ရှာတွေ့တဲ့အထိ စောင့်နေလိမ့်မယ်ဗျ”
“သြော်- အခုရှာရမဲ့ သင်္ဘောက မဒရပ်တဲ့လား”
“ဟုတ်တယ်။ ၁၇၇၉ ခုနှစ်မှာပျောက်သွားတဲ့ အရှေ့ အိန္ဒိယ အင်္ဂလိပ်ကုန်တင်သင်္ဘောပဲ”
“ဒီကမ်းခြေတစ်နေရာရာမှာ ရေခဲပြင်ကြားညှပ်နေမယ်လို့ မင်းကထင်တယ်ပေါ့”
“ထင်တာမဟုတ်ဖူး ဒန်၊ သေချာကိုသိတာ၊ ခုထိ ရှိသေးတယ်လို့ ကျွန်တော်ရော၊ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာရော မျှော်လင့်နေကြတယ်”
“တို့အဖွဲ့အစည်း အတွက် အရမ်းအရေးကြီးသလား”
“အသက်တမျှပဲဗျ”
ဂယ်လက်စပီးသည် ရှည်ရှည်ဝေးဝေး ရှင်းပြနေရမည့် လူစားမျိုးမဟုတ်ပါ။ ဒီလောက်ပြောယုံမျှနှင့် သူ့အတွက်လုံ လောက်ပြီ။ ဒီထက်လည်း သူပို၍မသိချင်၊ သူ့တာဝန်မှာ အထက်ကစေခိုင်းသည့်အတိုင်း အောင်မြင်အောင် ဆောင် ရွက်ဖို့နှင့် ဝင်ရိုးစွန်းမုန်တိုင်းပေါ်ပါလာသူများ ဘေးကင်းစေဖို့သာဖြစ်သည်။
“ဒါဆို ရေခဲပြင်ထဲကို ဘယ်လောက်ထိ ဝင်ပေးရမလဲ”
ပစ်သည် လတ္တီကျူ၊ လောင်ဂျီကျူ မျဉ်းများဆွဲထားသော စာရွက်တစ်ရွက်၏ တစ်နေရာသို့ လက်ညှိုးဖြင့်ထောက်ပြ၍-
“ဒီလောက်အထိ တတ်နိုင်သမျှ ဝင်ပေးစေချင်တယ်”
ဂယ်လက်စပီးသည် စာရွက်ကို ခဏမျှကြည့်ပြီး-
“ကောင်းပြီလေ၊ တတ်နိုင်သမျှ အနီးစပ်ဆုံးဖြစ်အောင်လုပ်ကြတာပေါ့” ဟုပြောလိုက်၏။ ပြီးတော့ ပစ်ကို ကြည့်ရင်း-
“နေစမ်းပါဦး၊ ဒီလောက် တိတိကျကျ ဘယ်လိုလုပ်သိသလဲ”
“လွန်ခဲ့တဲ့ နှစ်တစ်ရာ့ငါးဆယ်လောက်က ပါလိုဗါဒီဆိုတဲ့ ငါးဖမ်းသင်္ဘောက မဒရပ်ကို တွေ့ခဲ့ဘူးတယ်။ အဲဒီ သင်္ဘော မှတ်တမ်း ကိုအခြေခံပြီးတွက်ချက်ထားတာ၊ သိပ်တော့ မတိကျပါဘူး”
ဝင်ရိုးစွန်းမုန်တိုင်းသည် သူ၏ပင်မအလုပ်ဖြစ်သည့် ရေခဲခွဲခြင်းအလုပ်ကို စက်ကုန်ဖွင့်၍ လုပ်လေသည်။ ပထမတစ်မိုင် အတွင်းရေခဲပြင်သည် တစ်ပေသာသာမျှသာရှိသောကြောင့် လွယ်ကူလှသည်။ သို့သော် ကမ်းခြေနားနီးလာသော အခါ ရေခဲပြင်သည် သုံးပေမှ ငါးပေအထိ ထူထပ်လာသောကြောင့် တရွေ့ ရွေ့ သာသွားနိုင်တော့သည်။
ဂယ်လက်စပီးသည် ကေဗင်ခန်းထဲတွင် ကုလားထိုင်တစ်လုံးဖြင့်ထိုင်ရင်း ဆိုနာစက်မှ အသံလှိုင်းများကို နားစွင့်နေ၏။ ပစ်က ဂယ်လက်စပီး၏ မှန်ပြောင်းကြီးဖြင့် ရေခဲပြင်ကို ကြည့်နေ၏။
“မစ္စတာ ပစ်ပါလား”
အသံကြား၍ လှည့်ကြည့်လိုက်တော့ အသက်လေးဆယ်ခန့် လူပုပုတစ်ယောက်ကို တွေ့လိုက်ရသည်။ မျက်နှာက နီရဲပြီး မျက်လုံးစိမ်းစိမ်းများနှင့် ချိုသာသောအပြုံးပိုင်ရှင် လူတစ်ဦး။
“ဟုတ်ပါတယ်”
လက်ဆွဲနှုတ်ဆက်ကြ၏။
“ကျွန်တော်က အက်ဒ် နော့ရော့ပ်ပါ။ သိပ္ပံပညာရှင်ခေါင်းဆောင်ပါ”
“ဟုတ်ကဲ့ ဒေါက်တာ နော့ရော့ပ်၊ ဗိုလ်ချုပ်ကြီးဆန်ဒက်ကာက ဆရာ့အကြောင်းပြောဖူးပါတယ်။ ဘယ်ရင်းပင်လယ် ခရီးမှာ ဆရာက သူ့ဖိနပ်ထဲ ရေခဲတွေထည့်လွှတ်လိုက်တာကို ဘယ်တော့မှ ခွင့်မလွတ်ဘူးလို့ ပြောပါသေးတယ်”
ဒေါက်တာ နော့ရော့ပ်က သဘောကျစွာရယ်နေသည်။
“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကပါဗျာ၊ ခင်ဗျားဆရာက ခုထိမမေ့သေးပဲကိုး”
“ဆရာက အာတိတ်နဲ့ အန္တာတိကမှာချည်းပဲ အချိန်အတော်များများ တာဝန်ယူထားတယ်နော်”
“ဟုတ်တယ်ဗျ၊ ရေခဲပြင်ကိုလေ့လာနေတာ ဆယ့်ရှစ်နှစ်ကျော်ပြီ။ ဒါနဲ့ ခင်ဗျားနဲ့အတူ ကျွန်တော်လိုက်ခဲ့ပါရစေ”
“စိတ်မရှိပါနဲ့ ဆရာ၊ ကျွန်တော်တစ်ယောက်ထဲ သွားမှဖြစ်မှာမို့လို့ပါ”
“မဟုတ်ဘူးလေ၊ မစ္စတာပစ်ရဲ့၊ ရေခဲအကြောင်း ကျွန်တော့်ထက်ပိုပြီး ဘယ်သူမှမသိနိုင်ဘူး၊ ကျွန်တော် အကြမ်းခံနိုင် ပါတယ်”
“ကောင်းပါပြီ၊ ဒါဆိုလဲ ဆရာ့သဘောပါပဲ”
“စက်ရပ်” ဂယ်လက်စပီး၏ အမိန့်ပေးသံ ကျယ်လောင်စွာထွက်ပေါ်လာသည်။
“ဒတ်ရေ၊ မင်းသွားချင်တဲ့ လတ္တီကျူ၊ လောင်ဂျီကျူ တည်နေရာအတိအကျကို ရောက်ပြီ၊ အမှန်ပြောရရင် ဒီထက်ပိုပြီး လည်းသွားလို့မရတော့ဘူး”
“ကျေးဇူးတင်ပါတယ် ဒန်၊ ၁၈၅၈ ခုနှစ်ဆောင်းရာသီက ပါလိုဗါဒီ ရေခဲပြင်မှာ ပိတ်မိနေတာ ဒီနေရာပါပဲ”
နော့ရော့ပ်သည် ရေခဲပြင်ကိုစူးစိုက်ကြည့်ရင်း-
“အခြေအနေကောင်းတယ်၊ လေလည်းသန့်တယ်၊ အဆင်ပြေတယ်” ဟုပြောလိုက်သည်။
“လေသန့်တယ်ဆိုတာ ဘယ်လိုလဲဒေါက်တာ”
“သုံညအောက် ငါးဒီကရီကနေ ဆယ်ဒီကရီအထိ အပူချိန်မှာ အသက်ရှုဖို့ အောက်စီဂျင်ပမာဏ လုံလောက်တဲ့ လေကိုဆိုလိုတာပါ မစ္စတာပစ်”
“ကျွန်တော်တော့ သွားချင်လှပြီ” ပစ်က လောနေ၏။
“တကယ်တော့ ဒီရာသီဥတုက ကျွန်တော် အမုန်းဆုံးဗျ၊ ကျွန်တော်က နေရောင်အောက်မှာ လေပူလေးတိုက်ပြီး ကမ်းခြေသဲသောင်ပြင်မှာ ကညာပျိုလေးတွေ စည်းချက်ညီညီကနေတာကို အမြဲကြည့်ချင်တဲ့ ကောင်မျိုး”
“အမလေး၊ စိတ်ကူးယဉ်လိုက်တာရှင်”
အလွန်ဆွဲဆောင်မှုရှိသော အာရှတိုက်သူတစ်ဦး သူ့နားသို့ ခပ်နွဲ့နွဲ့လျှောက်လှမ်းလာသည်ကို ဒတ်ပစ်လှမ်းကြည့် လိုက်သည်။
“ဟုတ်ကဲ့၊ စိတ်ကူးယဉ်တာ ကျွန်တော့်အကျင့်ပဲဗျ”
မချောက ပစ်ကို ပြုံး၍ စိုက်ကြည့်နေသည်။
“ရှင်က ဒတ်ပစ်ထင်တယ်”
“ဒါဆို ခင်ဗျားက အီဗီတန်ဖြစ်မှာပေါ့၊ ဒန်ကတော့ ပြောတယ်၊ ခင်ဗျား ဒီအန္တာတိက ရေခဲပြင်မှာ ဓါတ်ပုံဆောင်းပါး ရေး နေတယ်ဆို”
“ဟုတ်ပါတယ်၊ ရှင့်အကြောင်း ကျွန်မကြားဖူးတယ်။ ရှင့်ကိစ္စတွေပြီးရင် ကျွန်မကို အင်တာဗျူးခွင့်ပေးပါလားဟင်”
ပစ်က ဂယ်လက်စပီးကို မယုံသင်္ကာမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ ဂယ်လက်စပီးက သူဘာမှ မပြောပါ ဘူးဆိုသည့်သဘောဖြင့် ခေါင်းယမ်းပြသည်။
ပစ်က အီဗီတန်၏ လက်ကလေးကို လှမ်းကိုင်လိုက်သည်။
“အေးလေ၊ အင်တာဗျူးချင်သပ ဆိုရင်လည်း ဗျူးရုံပေါ့။ ဒါပေမဲ့ ကျွန်တော့် ပရောဂျက်နဲ့ပါတ်သက်လို့တော့ မှတ်တမ်း မတင်စေ့ချင်ဘူး”
“ဘာဖြစ်လို့လဲရှင့်၊ ဧကန္တ စစ်ရေးလျှို့ ဝှက်ချက်များလား”
“မဟုတ်ပါဘူး၊ အများပြည်သူအနေနဲ့ စိတ်ဝင်စားစရာမရှိဘူးထင်လို့ပါ”
ပစ်သည် ဂယ်လက်စပီးအား-
“ခင်ဗျားရေငုတ်သင်္ဘော ကျွန်တော်တို့နောက်ကို မလိုက်တော့ဘူးထင်တယ်”
ဂယ်လက်စပီးက ခေါင်းခါရင်း-
“ရေအောက်မှာ ပုန်းရင်း အခွင့်ကောင်းစောင့်နေတာ ဖြစ်မှာပေါ့”
ထိုအခိုက် ပထမကုန်းပါတ် အရာရှိ ဘွတ်ရှလေက-
“ခင်ဗျားအတွက် အားလုံးအဆင်သင့် ဖြစ်ပါပြီ မစ္စတာပစ်” ဟုလာပြောလေသည်။ သင်္ဘောသားများသည် အထုပ်ကြီး သုံးထုပ်ကို ရေခဲပြင်ပေါ်သို့ ချနေသည်။ တစ်ထုပ်က တာပေါ်လင်စဖြင့်ပတ်ထားသော ရေခဲခွဲကိရိယာများ၊ ကျန်နှစ် ထုပ်က အရေးပေါ်သုံးရန် ကြိုးခွေများဖြစ်၏။ ပစ်သည် နှင်းဖုံးနေသော ရေခဲပြင်ပေါ်တွင် ဖွဖွလေးရပ်နေ၏။ ဂယ်လက် စပီးက-
“ဒေါက်တာ နော့ရော့ပ်နဲ့ တတိယကုန်းပါတ်အရာရှိ အီရာကော့စ် တို့မင်းနဲ့အတူလိုက်လိမ့်မယ်”
အီရာကော့စ်သည် ကိုဒိုက်ခ် ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ကြီးမားထွားကျိုင်းသူဖြစ်သည်။ မုတ်ဆိပ် နီနီများက ရင်ဘတ် နားထိတွဲလောင်းကျလျှက် ရှိပြီး မွှေးပွ အာတိတ်ဝတ်စုံပြည့်ဝတ်ထားသဖြင့် ကြောက်စရာ လူ့ဘီလူးကြီးအသွင်ဆောင် နေသည်။ သူက ပစ်ကို ပြုံးပြနှုတ်ဆက်သည်။
“ငါ့အနေနဲ့ ဗိုလ်ချုပ်ကြီးဆန်ဒက်ကာရဲ့ အထူးပရောဂျက်များ ဒါရိုက်တာတစ်ယောက်ကို အန္တရာယ်တောထဲ ဒီအတိုင်း မလွှတ်လိုက်နိုင်ဘူးကွ၊ မင်းပိုလာဝက်ဝံတွေ ဘာတွေနဲ့တွေ့ရင်လည်း ကော့စ်က နဘန်းသတ်ပြီး ကိုင်ပေါက်ပစ်လိုက် လို့ရတယ်လေ” ဂယ်လက်စပီးက သူ့သဘောနှင့်သူ လူတွေထည့်ပေးရခြင်းအကြောင်းကို ရှင်းပြနေလေသည်။
“ကျေးဇူးတင်ပါတယ် ဒန်၊ အန္တာတိကမှာတော့ ပိုလာဝက်ဝံမရှိ လောက်ပါဘူး”
ပစ်သည် ဒန်၏စေတနာကို အသိအမှတ်ပြုသောအားဖြင့် အကြောက်အကန် ငြင်းမနေတော့ပါ။ အရေးကြုံလျှင် တစ် ယောက်အားထက် အများအားက ပိုသက်လုံကောင်းစေမည်မှာ အမှန်ပင်။
ဆောင်းဦးရာသီဖြစ်သဖြင့် ရေခဲပြင်ပေါ်တွင် နှင်းပွင့်ကလေးများထူထပ်စွာ ဖုံးအုပ်နေသည်။ တကယ့်ဆောင်းရာသီ ရောက်လာလျှင်တော့ နှင်းမကျတော့ပဲ ရေခဲပြင်သည် ဆီလိမ်းထားသကဲ့သို့ ချောမွတ်ပြီး အလွန်သွားရခက်ခဲတော့ သည်။ ပစ်၊ နော့ရော့ပ်နှင့် ကော့စ်တို့သည် ရေခဲပြင်ပေါ်တွင် အခက်အခဲမရှိသွားနိုင်ကြသည်။ နော့ရော့ပ်က ရှေ့ ဆုံးမှ သွားပြီး ရေခဲပြင်အခြေအနေကို လေ့လာ၏။ ပစ်က အလယ်က၊ ကော့စ်က နောက်ဆုံးမှ တန်းစီ၍ ခရီးဆက်ခဲ့ကြ သည်။
ဤဒေသတွင် ရာသီဥတုသည် အစိုးမရ။ ပစ်တို့ စထွက်လာချိန်က ကြည်လင် ပြာလဲ့နေသောကောင်းကင်သည် ရုတ်ချည်း တက်လာသော တိမ်မည်းညိုတို့ကြောင့် မှုန်မှိုင်းသွား၏။ ဝင်းလက်တောက်ပသော နေမင်းသည်လည်း ရွှံ့ မံ ခံရသော မီးလုံးကဲ့သို့ ခပ်ဖျော့ဖျော့သာလင်းတော့သည်။ နှင်းမှုန်တို့ တဖွဲဖွဲကျလာပြီး အမြင်အာရုံကို အနှောက် အယှက်ပေးလာသည်။
ပစ်သည် ရုတ်ချည်းဆိုးဝါးလာသော ရာသီဥတုကို ဂရုမစိုက်နိုင်ပဲ ရေခဲပြင်မှ ကွဲကြောင်းကြီးများကို သတိထား၍ ရှောင် တိမ်းနေရသည်။ ဂယ်လက်စပီးသည် အာတိတ်အဖြူဆွတ်ဆွတ် ဝတ်စုံကြီးများဝတ်ထားသော သူတို့သုံးယောက်ကို မှန်ပြောင်းဖြင့်လိုက်ကြည့်နေသည်။ မိုးလေဝသ အစီရင်ခံစာကို ဆယ်ကြိမ်မြောက်ပြန်ကြည့်ပြန်၏။ ရာသီဥတုက ခုတစ်မျိုး၊ တော်ကြာတစ်မျိုးမှန်း သူကောင်းစွာသိရှိသဖြင့် အန္တရာယ်တောထဲ မျက်ကန်းတစ္ဆေမကြောက် တိုးနေသော ပစ်တို့ အဖွဲ့ကို စိတ်မချနိုင်အောင်ဖြစ်နေမိသည်။
ဂယ်လက်စပီးသည် ဂြိုလ်တုဆက်သွယ်ရေးဖုန်းကို ယူလိုက်ပြီး ဗိုလ်ချုပ်ကြီးဆန်ဒက်ကာထံသို့ ဆက်သွယ်လိုက် သည်။ “ဆရာလား၊ သူတို့ကမ်းခြေကို တက်သွားပြီး ရှာဖွေရေးလုပ်ငန်းတွေ စနေကြပြီ”
“ဟုတ်လား၊ ကောင်းတယ်၊ ကောင်းတယ်၊ ကျေးဇူးတင်တယ် ဒန်၊ သူတို့ပြန်လာရင် ငါ့ကို သတင်းပို့ဦး”
“ခဏလေးဆရာ၊ ကျွန်တော်ပြောစရာရှိသေးတယ်” ဂယ်လက်စပီးသည် ယူဘုတ် ၂ဝ၁၅ အကြောင်းဆန်ဒက်ကာ ကို အနှစ်ချုပ်၍ အစီရင်ခံလိုက်သည်။ ဗိုလ်ချုပ်ကြီးထံမှ အတန်ကြာအောင် ပြန်ကြားချက်မရ၊ ဂယ်လက်စပီးပြောသော အချက်အလက်များကို ကြေကြေညက်ညက်နားလည်အောင် ကြိုးစားနေရပုံပေါ်သည်။ အတန်ကြာအောင် စောင့်ဆိုင်း နေပြီးမှ ဗိုလ်ချုပ်ကြီးထံမှ တိုတိုပြတ်ပြတ် အဖြေစကားကို ဂယ်လက်စပီးကြားလိုက်ရသည်။
“ဟုတ်ပြီ ဒန်၊ ဒီကိစ္စကို ငါကိုင်တွယ်မယ်”
@@@@@@@@@@@@@@@@

Jan 15, 2010 @ 18:28:46
နွန်းစတော့ ဖတ်နေကြောင်း