အတ္တလန်တစ် ရှာပုံတော် (၃၀)
26 May 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ပစ်သည် စိတ်ဓါတ်မကျအောင် ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်အားပေးနေရ၏။ ဒီလို ဆိုးလှသောရာသီဥတုရှိသည့် နေရာ မျိုးတွင် တစ်စုံတစ်ခုကိုရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက် ဆိုးကြောင်း သူကောင်းကောင်း သိပါသည်။ နှစ်ပေါင်း ၁၅ဝ အတွင်းဤတစ္ဆေ သင်္ဘောကြီးကို ရေခဲမှုန်များ မည်ရွေ့ မည်မျှ ဖုံးအုပ်ဖျက်ဆီးပြီးပြီကို မသိနိုင်။ အနည်းဆုံး ဂိုက်တစ်ရာခန့် ရေခဲပြင်တွင်းနစ်မြှုပ်နေပြီဟုသာ အကြမ်းဖျင်းခန့်မှန်းရ၏။ ပစ်သည် ဝင်ရိုးစွန်းမုန်တိုင်းကို အခြေစိုက်စခန်းအဖြစ် သတ်မှတ်၍ နှစ်မိုင်ပါတ်လည်အတွင်းစတင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ပစ်နှင့်ကော့စ် တို့သည် လူစုခွဲ၍ စီးကရက်ဘူးသာသာခန့် ရှိသော ဂျီပီအက်စ်ကိရိယာကလေးများ၏ အကူအညီဖြင့် မဒရပ်၏ တည်နေရာကို ကြိုးစားပမ်းစားရှာဖွေနေကြသည်။ ပစ်က ဘယ်ဖက်၊ ကော့စ်နှင့် နော့ရော့ပ်တို့က ညာဖက်။ တစ်မိုင်ပါတ်လည်ထိ ရှာဖွေပြီးလျှင် စုရပ်သို့ ပြန်လာကြရန် သဘောတူထားကြ၏။
ပစ်သည် သူရှာဖွေရမည့် ဧရိယာကို တစ်လက်မမကျန် ပိုက်စိတ်တိုက်စစ်ဆေးပြီး စုရပ်သို့ ကျန်လူနှစ်ဦးထက်စောစွာ ပြန်ရောက်လာ၏။ မဒရပ်၏ အစအနကလေးပင် မတွေ့ခဲ့ရ။ နာရီဝက်ခန့်ကြာသော် ရေခဲဗေဒ ပညာရှင် နော့ရော့ပ်တစ် ယောက်မောကြီးပန်းကြီးဖြင့် ပြန်ရောက်လာသည်။ ခြေပစ်လက်ပစ်ဖြစ်နေသော နော့ရော့ပ်၏ ပုံပန်းအရ မှန်းချက်နှင့် နှမ်းထွက်မကိုက်မှန်း ဒက်ထိသိလိုက်သည်။
“ဆောရီးပဲ ဒတ်ရေ၊ ကျွန်တော်တို့တော့ သင်္ဘောနဲ့တူတာ ဘာမှရှာမတွေ့ခဲ့ဘူး”
“ကျွန်တော်လည်း တူတူပါပဲဗျာ”
“သေသေချာချာ သုတေသန မလုပ်ကြည့်ပဲနဲ့တော့ အတိအကျ မပြောနိုင်ဖူးပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်အထင်က တော့ ရေခဲပြင်ကွဲထွက်တဲ့ တစ်ချိန်ချိန်မှာ ခင်ဗျားသင်္ဘော ပင်လယ်ထဲ ပြန်မျောသွားမလားပဲ”
အိတ်ထောင်ထဲ ထည့်ထားသော ရေဒီယို စကားပြောစက်မှ ကပ္ပတိန် ဂယ်လက်စပီး၏ ခပ်ပျော့ပျော့အသံထွက်လာ သည်။
“ပြော ဒန်၊ ခင်ဗျားအသံ ကောင်းကောင်းကြားတယ်”
“သတင်းဆိုး ဒတ်ရေ၊ အင်မတန်ဆိုးတဲ့ မုန်တိုင်းတစ်ခုလာနေတယ်။ မင်းတို့ သင်္ဘောပေါ်ကို ချက်ချင်းပြန်လာခဲ့ကြ ကြားလား”
“ကောင်းပြီ ဒန်၊ ခဏနေတွေ့မယ်”
ပစ်သည် ရေဒီယိုကို အိတ်ထဲပြန်ထည့်လိုက်ပြီး-
“မုန်တိုင်းလာမယ်ပြောတယ်။ ကျွန်တော်တို့ သင်္ဘောကို ပြန်ကြရလိမ့်မယ်။ ကော့စ် ဘယ်မှာလဲ ဒေါက်တာ” ဟု နော့ရော့ပ်အားမေးလိုက်သည်။
နော့ရော့ပ်သည် အခုမှသတိရသွားသကဲ့သို့ ရေခဲပြင်ကျယ်ကြီးကို လှမ်းမျှော်ကြည့်ရင်း-
“ရေခဲပြင်မှာ အကွဲကြောင်းတစ်ခုတွေ့လို့ သူအဲဒီထဲဝင်သွားတယ်။ ကျွန်တော်က သူနောက်ကလိုက်လာတယ် အောက်မေ့တာ။ ပါမလာသေးဖူးဗျ” ဟုပြန်ပြောလိုက်သည်။
“ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
ပစ်သည် ပြောပြောဆိုဆို ရေခဲပြင်ပေါ်တွင် ထင်ထင်ရှားရှား ပေါ်နေသော နော့ရော့ပ်နှင့် ကော့စ်တို့၏ ခြေရာများ နောက်သို့ ခပ်သုတ်သုတ်လိုက်ကြည့်၏။ လေက ဟူးဟူးရားရား တိုက်ခတ်လာပြီ။ ပါတ်ဝန်းကျင်သည် ချက်ချင်းပင် မှုန်မှိုင်းလာပြီး နေရောင်ကို လုံးဝမမြင်ရတော့။ လေထုထဲတွင် ပါလာသောရေခဲမှုန်များက အသားကို အပ်ချောင်းလေး များဖြင့်ဆွသလို အေးစက်နာကြင်စေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်က ရိုဆန်နာမန်ဒါလည်း သူ အခုကြုံတွေ့နေရသည့် ဒုက္ခမျိုးနှင့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ဖူးသည်။ ဤဘေးဆိုးကြီးကို ကျော်လွှားနိုင်စွမ်းရှိသည့် ရိုဆန်နာ၏ စိတ်ဓါတ်နှင့် အားမာန်ကား အံ့မခန်းဖြစ်ကြောင်း ခုမှသူ ကိုယ်ချင်းစာမိသည်။
လေပြင်းတိုက်ခတ်သံ တရွှီရွှီကြားမှ အော်သံတစ်ခုကြားလိုက်သလို စိတ်ထဲထင်မိ၍ နားကိုစွင့်ထားလိုက်သည်။
“မစ္စတာပစ်၊ ဒီဖက်မှာ၊ လာခဲ့”
ပထမတော့ ပစ်ဘာမှ မမြင်ရပါ။ အသေအချာ စူးစိုက်ကြည့်မှ ရေခဲကွဲကြောင်းကြီးတစ်ခုအတွင်းမှ ကော့စ်၏ မျက်နှာ ဖြူဖြူကို တွေ့လိုက်ရသည်။ သူ့နားသို့ရောက်ရန် ပစ်ခဲယဉ်းစွာသွားရ၏။ ရေခဲကွဲကြောင်းပေါ် ဝမ်းလျှားမှောက်ကြည့် လိုက်တော့ အထဲမှာ ဘသားချောက မိုးလုံ၊ လေလုံ။
“မစ္စတာ ကော့စ်၊ ဘာမှမဖြစ်ဘူးမဟုတ်လား၊ ကပ္ပတိန် ဂယ်လက်စပီးက အကြောင်းကြားတယ်။ မုန်တိုင်းလာနေပြီ တဲ့၊ ကျွန်တော်တို့ သင်္ဘောဆီ ပြန်ကြရမယ်”
“ဒါဆို မစ္စတာပစ် ပြန်တော့မယ်ပေါ့” သူ့အပြောနှင့် သူ့အကြည့်က ထူးခြားနေ၏။
“ဒီထဲမှာ ဘေးရန်ကင်းတာတော့ မှန်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အချိန်မရှိဘူးကော့စ်”
“ခင်ဗျားပြောတော့ သင်္ဘောပျက်ကို ရှာမယ်ဆို”
“ဟုတ်တယ်လေ။ ခုရှာလို့မှ မတွေ့တာ”
ကော့စ်က လက်အိတ်စွပ်ထားသော သူ့လက်ညှိုးတုတ်တုတ်ကြီးကို ရေခဲကွဲကြောင်း၏ အပေါ်တည့်တည့်သို့ ထိုးပြ လိုက်ပြီး မိန့်မိန့်ကြီး ပြုံးနေ၏။
ပစ်မော့ကြည့်လိုက်သည်။ အလို- ရေခဲကွဲကြောင်းကြီး၏ ထိပ်မှာ အိုမင်းဟောင်းနွမ်းလှသော သင်္ဘောတစ်စီး၏ သစ်သား ဦးပိုင်းက ထင်းထင်းကြီးတိုးထွက်နေပါလား။
==========================
(၁၇)
ကပ္ပတိန် ဂယ်လက်စပီးထံသို့ မဒရပ်သင်္ဘောတွေ့ရှိကြောင်းနှင့် သူတို့အားလုံး ဘေးကင်းကြောင်း အကြောင်းကြားပြီး နောက် သုံးယောက်သားရှာဖွေရေးလုပ်ငန်းကို ချက်ချင်းစတင်တော့သည်။ ကော့စ်သည် သူ၏အိတ်ကြီးအတွင်းမှ စူး ဆောက်လက်နက် ကိရိယာများကို ထုတ်၍ သင်္ဘောပျက်ကို ထုကြီးထည်ကြီးဖြင့် ဖုံးလွှမ်းထားသော ရေခဲထုကို ခုတ်ထွင်ရှင်းလင်းနေသည်။ ကပ္ပတိန် ဘရက်ဖိုဒ် နှင့် သူ့ဇနီး ရိုဆန်နာ မန်ဒါတို့တွေ့ရှိပြီးနောက် ဆယ်စုနှစ်ပေါင်း ဆယ့်လေးစုကျော်အောင် မည်သည့်သက်ရှိ လူသားတစ်စုံ တစ်ယောက်မှ ခြေမချခဲ့ဖူးသော မဒရပ်သင်္ဘောသည် ရေခဲထုအောက် စုန်းစုန်းမြုပ်နေ၏။
“ဒီလောက်နှစ်ပေါင်း ရာချီပြီး ပစ်ထားတာတောင် သင်္ဘောက အကောင်းကြီးရှိသေးတာကို ကျွန်တော်တော့ အံ့သြလို့ မဆုံးဘူး။ မစ္စတာပစ်ပြောတုန်းက ကျွန်တော့်စိတ်ထဲမယ် ဒီသင်္ဘောရှာတွေ့ခဲ့ရင်တောင် သွားကြားထိုးတံလောက် အစအန လေးတွေပဲ တွေ့တော့မယ်အောက်မေ့နေတာ” အလုပ်လုပ်ရင်း နော့ရော့ပ်က မှတ်ချက်ချလိုက်သည်။
“ရေခဲဗေဒ ပညာရှင်ကြီး ပညာအပေးခံလိုက်ရတယ် ဆိုပါတော့” ပစ်က နော့ရော့ပ်ကို ကလိလိုက်သည်။ ဒါကို နော့ရော့ပ်က မသိ။
“ဟုတ်တယ်ဗျ၊ ဒီသင်္ဘောကြောင့် ကျွန်တော်တို့ ရေခဲဗေဒ သုတေသန တစ်ခေတ်ဆန်းဦးမှာ၊ ဒီလို အခြေအနေမျိုးဟာ အင်မတန်ရှားတယ် +++++++” သုတေသန ပညာရှင်ပီပီ ပညာရပ်ဆိုင်ရာများအကြောင်း မမောနိုင်မပန်းနိုင် ပြောနေသည်။
ပစ်သည် ကော့စ်ဖက်လှည့်ကြည့်လိုက်သည်။ လူ့ဘီလူးကြီးသည် သင်္ဘောပေါ်တက်နိုင်ရန် ရေခဲထုကြား ကြိုးစား၍ လမ်းထွင်နေရှာသည်။
“အခြေအနေဘယ်လိုတုန်း အီရာ”
“မလွယ်ဘူး ဆရာရေ့။ မြင်တဲ့ အတိုင်း လုပ်တော့ လုပ်နေတာပဲ”
“မလွယ်လဲ လွယ်အောင်လုပ်ဗျာ၊ နောက်မိနစ်လေးဆယ်အတွင်း ကျုပ်တို့ကို သင်္ဘောထဲရောက်အောင်ပို့ပေးနိုင်ရင် ခင်ဗျားကြိုက်တာပြော၊ ကပ္ပတိန် ဂယ်လက်စပီးဆီကတောင်းပေးမယ်”
ကော့စ်သည် ပစ်ကို စေ့စေ့ကြည့်လိုက်သည်။ တကယ်တော့ ဝင်ရိုးစွန်းမုန်တိုင်းပေါ်တွင် ကော့စ်သည် ဧကစာရီ ကျင့်သူ ဖြစ်၏။ သူ့ မိတ်ဆွေ အပေါင်းအသင်းက သင်္ဘောတစ်စီးလုံးတွင်လက်ငါးချောင်း မပြည့်။ ပစ်ကို မြင်စက အသုံးလုံး ဌာနချုပ်မှ အမေမှာသည့်အတိုင်းလုပ်မည့် ခပ်တုံးတုံး ဗျူရိုကရက် အရာရှိ ငနဲဆိုသည့် အမြင်ထက်မပိုခဲ့ သည်ကို သူသတိရမိသည်။ ခုတော့မှ ဒီအထူးပရောဂျက် ဒါရိုက်တာဆိုသူမှာ သေမြေကြီး၊ ရှင်ရွှေထီး ခပ်ပျော်ပျော်သမားမှန်း သိလာရသည်။ ကော့စ်သည် ရုတ်တရက်ချက်ခြင်း ပစ်ကို ခင်မင်စိတ်ပေါ်လာသည်။ သူ့ရေခဲ ခွဲ ပုဆိန်ကြီးကို အင်အားနှစ်ဆတိုး၍ ခုတ်သည်။ ရေခဲလွှာများက တဖွားဖွား လွင့်ကြလျှက်။
နောက်သုံးဆယ့်လေးမိနစ် တိတိအကြာတွင် ကော့စ်က ပုဆိန်ကြီးကိုင်၍ ကျန်အဖွဲ့ဝင်နှစ်ဦးကို ဂုဏ်ယူဝံ့ကြွားစွာ ပြော လိုက်သည်။
“လူကြီးမင်းတို့ သင်္ဘောပေါ်ကြွကြပါ ခင်ဗျား”
ပစ်က အမေရိကန် တောင်ပိုင်းသား လူထွားကြီးကို ဦးညွှတ်အလေးပြုလိုက်သည်။
“ကျေးဇူးအထူးတင်ပါတယ် အီရာ၊ ခင်ဗျားဟာ တောင်ပိုင်းသားတွေရဲ့ ဂုဏ်ဆောင်ပုဂ္ဂိုလ်ပါပဲ”
ကော့စ်ကလည်း ပစ်ကို ပြန်လည်ဦးညွှတ်လိုက်သည်။
“ခုလို ချီးကြူးတဲ့လူကြီးမင်းကိုလည်း ကျွန်တော်က ပြန်လည်ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်တောင်ပိုင်းသားတွေ ကြီးစိုးတဲ့ အချိန်ကာလရောက်ရင် လူကြီးမင်းကို မြှောက်စားချီးမြှင့်ပါဦးမယ်”
အတည်ပေါက် ပြန်ပက်လိုက်သော ကော့စ်၏ စကားကြောင့် ပစ်မှာ မချိသွားဖြဲနေလိုက်ရသည်။ တောင်ပိုင်းသားတို့၏ ဒေသစွဲ စိတ်ဓါတ်က ကြီးလှချည့်။
ရေခဲထုကို ကော့စ်ဖောက်ထားသော အပေါက်ကြီးမှတစ်ဆင့် သင်္ဘောကုန်းပါတ်ပေါ်သို့ ဒတ်ပစ်သည် ရှေ့ ဆုံးမှ လျှောက်လာခဲ့သည်။
“ဘာတွေ့လဲ မစ္စတာပစ်” နောက်မှ လိုက်လာသော နော့ရော့ပ်က ဒတ်ပစ်ကို အလောတကြီးမေးသည်။ သိချင်စိတ်ကို အောင့်မထားနိုင်။
“ခဲနေတဲ့ မီးဖိုတစ်လုံးတွေ့တယ်ဗျ၊ ဘာမှ သေချာမမြင်ရဘူး၊ ဓါတ်မီးတွေ ယူခဲ့ပါဦး”
@@@@@@@@@@@@

Recent Comments