အတ္တလန်တစ် ရှာပုံတော် (၃၁)
07 Jun 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ကော့စ်နှင့် နော့ရော့ပ်ထွန်းညှိလိုက်သော အလျူမီနီယံ မီးအိမ်သုံး ဟေလိုဂျင်မီးများကြောင့် ထိုနေရာဒေသသည် နေ့လည်ခင်းအလား ထိန်ထိန်လင်းသွား၏။ ထိုအချိန်ကျမှ သုံးယောက်သားရောက်သွားသည့် နေရာမှာ သင်္ဘော၏ မီးဖိုခန်းဖြစ် ကြောင်း သူတို့သဘောပေါက်သွားကြသည်။
ကော့စ်က စားသောက်ဖွယ်များ၊ ချက်ပြုတ် ပြင်ဆင်ခဲ့ဟန်တူသည့် စင်များကို ကြည့်ရင်း
“ဘာမှလဲ မရှိပါလား။ ဒီသင်္ဘော ပေါ်ကလူတွေ မသေခင် ရှိသမျှ အကုန်စားပစ်လိုက်တယ်ထင်တယ်”
နော့ရော့ပ်က မသက်မသာ မျက်နှာကြီးဖြင့်-
“ဗူးတွေ၊ ပုလင်းတွေတောင်မတွေ့ဘူးဆိုတော့ အဲဒါတွေပါ ထုထောင်းပြီး စားပစ်လိုက်ကြသလားပဲ”
“ကဲ- ကျွန်တော်တို့ တူတူသွားကြမယ်။ တစ်ယောက်မတွေ့တာကို တစ်ယောက်က ပြပေးကြတာပေါ့” ဒတ်ပစ်က ဝင်ပြောလိုက်သည်။
“ခုကျွန်တော်တို့ ဘာကိုအဓိကထားပြီး ရှာရမှာလဲ မစ္စတာပစ်” ကော့စ်၏ အမေးကို ကြားရတော့မှ သူတို့ကို ဘာမှ သေသေချာချာ ပြောမထားမိမှန်း ဒတ်ပစ် သတိရသွား၏။
“ကပ္ပတိန် အခန်းကို အရင်ရှာမယ်ဗျာ။ ပြီးရင် သူ့အခန်းအောက်တည့်တည့်က စတိုခန်းလေးဟာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ပဲ၊ ခုကျွန်တော်တို့ အောက်မှာ သင်္ဘောအရာရှိတွေ အခန်းနဲ့ ခရီးသည်ခန်းတွေ ရှိလိမ့်မယ်။ ကပ္ပတိန့် အခန်းက ဒီနားမှာပဲဖြစ်မှာပေါ့။ ကဲ-အထဲဝင်ဖို့ လုပ်ကြရအောင်”
ပစ်က ပြောပြောဆိုဆို မီးဖိုခန်းတံခါးမှ တဆင့် ထမင်းစားခန်းထဲသို့ ဦးဆောင်ဝင်ရောက်သွား၏။ စားပွဲ၊ ကုလားထိုင် များနှင့် ပရိဘောဂပစ္စည်းများသည် တစ်လက်မခန့်ထူသည် ရေခဲများဖုံးလွှမ်းလျှက်ရှိ၏။ ဟေလိုဂျင်မီးအလင်းရောင် အောက်တွင် ရေခဲတို့သည် အဖိုးထိုက်တန်သည့် ခရစ်စတယ်ကျောက်များအလား တဖျတ်ဖျတ်လင်းလက်တောက်ပ လျှက်ရှိသည်။ လ္ဘက်ရည်ပန်းကန်စုံများက သုံးစွဲမည့်သူကို နှစ်ပေါင်းများစွာ စောင့်မျှော်နေသည့်နှယ်။
“တော်ပါသေးရဲ့ ဒီမှာတော့ ဘာအလောင်းမှ မရှိသေးလို့” ကြောက်တတ်ဟန်ရှိသည့် နော့ရော့ပ်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောလိုက်သည်။
“မှတ်တမ်းအရတော့ သင်္ဘောပေါ်က လူအားလုံးဟာ သူတို့အိပ်ခန်းထဲမှာတင် သေကုန်ကြတယ်လို့ဆိုတယ်။ ဟိုက်ပို သားမီးယားရယ် အစာရေစာငတ်မွတ်တာရယ် စကာဗီရယ်ပေါင်းမှတော့ မသေခံနိုင်ရိုးလား”
“ခု ကျွန်တော်တို့ ဘယ်ကို အရင်သွားကြမလဲ” ကော့စ်က မေးလိုက်သည်။
ပစ်က ဓါတ်မီးကို ထမင်းစားစားပွဲကြီး၏ နောက်တည့်တည့်တွင်ရှိသော တံခါးတစ်ချပ်သို့ ထိုးပြလိုက်ပြီး-
“ဒီတံခါးကနေ ထွက်သွားကြရုံပါပဲ”
“နေပါဦးဗျ၊ ခင်ဗျားက ဒီနှစ်နှစ်ရာလောက်သက်တမ်းရှိတဲ့ သင်္ဘောအကြောင်းကို ဘယ်ကဘယ်လိုသိလာတာလဲ”
“အရှေ့ အိန္ဒိယ ကုမ္ပဏီရဲ့ ကုန်တင်သင်္ဘော တည်ဆောက်ပုံကို ကျွန်တော်နောကျေအောင် လေ့လာထားတယ်လေ”
လှေကားတစ်စင်းမှ သူတို့ဆင်းခဲ့ကြသည်။ ရေခဲထုကြောင့် အကြိမ်ကြိမ်ချော်လဲမလို ဖြစ်ခဲ့ကြသော်လည်း ဆိုးဆိုးဝါးဝါး တော့ မည်သူမျှမဖြစ်ကြချေ။ မှတ်တမ်းတွင်ညွှန်းဆိုထားသော ၁၈ ပေါင်အမြောက်ကြီးကို လက်နက်တိုက်မှ စတင် ထုတ်လုပ်ကာစ အခြေအနေကဲ့သို့ သစ်လွင်ပြောင်လက်စွာတွေ့ရသည်။ စတိုခန်းတံခါးသည် လွန်ခဲ့သည့် ၁၄၄ နှစ် တုန်းက မန်ဒါလင်မယားနှင့် ပါလိုဗါဒီ သင်္ဘောသားတစ်စုတို့ ကတိုက်ကရိုက်ထွက်ပြေးစဉ်က အခြေအနေအတိုင်း ဟောင်းလောင်းပွင့်လျှက်သား။
ဒတ်ပစ်သည် စိတ်မြန်လက်မြန်ဖြင့် အတွင်းသို့ ဖျတ်ကနဲဝင်လိုက်သည်။ တစ်ခန်းလုံးကို ဓါတ်မီးဖြင့်နေရာအနှံ့လျှောက် ထိုးကြည့်၏။ ကြေးနီဖြင့်ပြုလုပ်ထားသည့် ပန်းအိုးလေးတစ်လုံးက တံခါးနောက်မှာ တုံးလုံးလဲလျှက်။ သစ်သားသေတ္တာကြီးများ ကအဖုံးများပွင့်လျှက်။ ဒါ မန်ဒါတို့လက်ချက်။
ပစ်သည် သေတ္တာထဲမှ ပစ္စည်းများကို တစ်ခုချင်းထုတ်၍ စားပွဲပေါ်တင်နေသည်။ ကြေးနီဖြင့် လက်ရာမြောက်စွာ ထွင်း ထုထားသော ခွေးရုပ်၊ ကြောင်ရုပ်၊ နွားရုပ်၊ ခြင်္သေ့ရုပ်များ အပြင် လက်ရှိကမ္ဘာပေါ်တွင် သူမမြင်ဖူးသည့် အခြားတိရိစ္ဆာန်ရုပ်ပေါင်းများစွာ။ အနုစိတ်ထွင်းထုထားသော မိန်းမရုပ်ထုများစွာလည်းတွေ့ရ၏။ သေတ္တာများ၏ အောက်ဆုံးတွင်တော့ လက်မဝက်ခန့်ထူပြီး ငါးလက်မခန့် အချင်းရှိသည့် ကြေးပြားဝိုင်းများအစီအရီထပ်လျှက် ရှိသည်။ ထိုကြေးပြားများပေါ်တွင် နိဗ္ဗာန်ဘုံမိုင်းတွင်းတွင်တွေ့ခဲ့ရသော ဘာမှန်းမသိသည့် သင်္ကေတများရေးထွင်းထားသည် ကိုအထင်အရှားတွေ့ရသည်။ ကြေးပြားဝိုင်း၏ အလယ်မှာတော့ ယောင်္ကျားပုံနှင့် မိန်းမပုံများကို တစ်ဖက်တစ်ချက်တွင် အနုစိတ် ထွင်းထုထား၏။ ထိုပုံများကို ပစ်အသေအချာ ကြည့်မိ၏။
ယောင်္ကျားရုပ်ပုံက ဦးထုပ်ရှည်ကြီးကိုဆောင်းထားပြီး ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ကာ စကော့ခ်ျလူမျိုးများကဲ့သို့ စကတ်တိုကို ဝတ်ဆင်ထား၏။ ဦးခေါင်းအလယ်မှ ချိုတစ်ချောင်းထွက်နေသော မြင်းကိုစီး၍ ဓါးပြားကြီးကို ဝှေ့ယမ်းကာ ပါးစပ်ဖြဲထားပြီး ဧရာမသွားစွယ်ကြီးများထွက်နေသည့် နဂါးလို သတ္တဝါကြီး၏ လည်တိုင်ကို ခုတ်ပိုင်းနေ ဟန်။
ကြေးပြားဝိုင်း၏ တစ်ဖက်မှ မိန်းမရုပ်ပုံကတော့ ယောင်္ကျားကဲ့သို့ပင်ဝတ်ဆင်ထားသော်လည်း အလှအပအဆင်တန် ဆာ ပိုမိုများပြား၏။ သူမသည်လည်း ချိုတစ်ချောင်းနှင့် ရှေးခေတ်အဿထိုမြင်းကိုစီးပြီး လက်တစ်ဖက်က ဓါးကိုဝင့်၍ ကျန်တစ်ဖက်က လှံရှည်ကို အစွယ်တစ်ချောင်းထဲပါသော ကျားကြီးတစ်ကောင်၏ အာခေါင်ကို ထိုးစိုက်နေဟန် ထွင်းထုထား သည်။ ဒတ်ပစ်သည် ထိုကြေးပြားကြီးများကို ကိုင်ရင်း ခေတ္တမျှ ငိုင်တွေနေ၏။ သူ့စိတ်အစဉ်က ဟိုးလွန်ခဲ့သည် နှစ်ပေါင်းများစွာက ဤပစ္စည်းများ၏ လွမ်းမောဖွယ်အတိတ်ကာလကို ပြန်သွားရန်ကြိုးပမ်းနေသည်။ သို့သော် ပစ္စုပ္ပန် နှင့် အတိတ်ကြားက ကိုယ်ပျောက်နံရံကြီးကို သူ့အဇ္ဇတ္တက ကျော်လွှားနိုင်ခြင်းဌာ မစွမ်းသာချေ။
ကော့စ်၏ တောင်ပိုင်းသားအသံကြီးကြောင့် အတိတ်အိပ်မက်မှ လန့်နိုးလာသည်။
“ပစ္စည်းတွေ သယ်မှာလား မစ္စတာပစ်”
ပစ်က ခေါင်းညိတ်လိုက်သည်။
“ဒီသေတ္တာတွေ နဲ့ အထဲက ပစ္စည်းတွေ ခြေရာလက်ရာမပျက် အကုန်သယ်သွားချင်တယ် ကော့စ်”
“အားလုံးပေါင်း သေတ္တာ နှစ်ဆယ့်လေးလုံးရှိတယ်” နော့ရော့ပ်က ဝင်ပြောရင်း သေတ္တာတစ်လုံးကို ကုန်းမလိုက်သည်။ ရုတ်တရက် သူ့မျက်နှာကြီးသည် ငရုတ်ချဉ်ရည်ဖြင့် ပက်ခံလိုက်ရသကဲ့သို့ နီရဲလာပြီး မျက်လုံးများပြူးထွက်လာသည်။ သေတ္တာက လေးလှသည်ကိုး။
နော့ရော့ပ်တစ်ယောက် မရှုနိုင်မကယ်နိုင်ဖြစ်နေသည်ကို မြင်ရသော ကော့စ်သည် နော့ရော့ပ်လက်ထဲမှ သေတ္တာကို ကလေးချီသကဲ့သို့ အသာလေးဝင်မလိုက်သည်။ ဟောဟဲဆိုက်နေသော နော့ရော့ပ်ကို ခပ်တည်တည်ကြည့်ရင်း-
“အလေးအပင်တွေ ကျွန်တော်ပဲမပါ့မယ်၊ ဒေါက်တာအသာနေပါ၊ တော်ကြာ ဒေါက်တာ့ကိုပါ မပြီး သင်္ဘောပေါ်ပြန်နေ ရဦးမယ်” ဟု ငေါ့သွား၏။
တစ်လုံးလျှင် ပေါင်တစ်ရာမျှ လေးသော သေတ္တာကြီးကို လူစွမ်းကောင်းလုပ်ပြီး ‘မ’ မိသဖြင့် အီစလန်ဝေနေသော နော့ရော့ပ်တစ်ယောက် အလွန်တရာ ပျော်သွားသည်။ သွားကြီးဖြဲ၍ ကော့စ်ကို ခေါင်းညိတ်ပြနေသည်။
ဤသို့ဖြင့် စွပ်ဖားတစ်ခုလျှင် သေတ္တာရှစ်လုံးစီတင်၍ ကြိုးများဖြင့်ခိုင်ခိုင်မာမာ ချည်နှောင်ပြီးသည်အထိ အလုပ် အားလုံးနီးပါးကို အီရာကော့စ်တစ်ယောက်တည်း လုပ်သွားသည်။ ပစ်နှင့် နော့ရော့ပ်တို့က နှမ်းဖြူးရုံမျှ။ ပစ်သည် ရေဒီယိုဖုန်းဖြင့် ဝင်ရိုးစွန်းမုန်တိုင်းကို ခေါ်နေ၏။
“ဟေး-ဒန် ကျွန်တော့်အသံကြားရလား”
“ကြားတယ် ပစ်၊ မုန်တိုင်းကတော့ စဲသွားပြီကွ”
“မုန်တိုင်းစဲရင် ဒီမှာလာကူလှည့်ဦး၊ စွပ်ဖားတစ်စီး စီမှာ ပေါင်ရှစ်ရာလောက်လေးတဲ့ ရှေးဟောင်းပစ္စည်းအပြည့်ပါတဲ့ သေတ္တာတွေတင်ထားတယ်။ သင်္ဘောပေါ်ရောက်အောင် ကူဆွဲပေးကြဦးဗျ”
“အေးအေး၊ ငါကိုယ်တိုင်ဦးဆောင်ပြီးလာမယ်။ မင်းတို့စောင့်နေကြ”
“ခင်ဗျား တကယ်လာမှာလား”
“လာမှာပေါ့ကွ၊ ဆယ့်ရှစ်ရာစုကတည်းက ရေခဲထဲ နစ်နေတဲ့ ရှေးဟောင်းသင်္ဘောကုန်းပါတ်ပေါ်မှာမှ လမ်းမလျှောက် လိုက်ရရင် လူဖြစ်ရကျိုးမနပ်ပဲ နေလိမ့်မပေါ့။ ကော့ညက်ကလေးများ မပါလာတာ နာသကွာ”
“ဒါဆိုလည်း ခင်ဗျားကို အဲဒီသင်္ဘောက ကပ္ပတိန် လေးဟန့်နဲ့ မိတ်ဆက်ပေးရသေးတာပေါ့”
“ဟေ- မင်း၊ မင်း အဲဒီသင်္ဘော ကပ္ပတိန်ကို တွေ့ခဲ့တယ်၊ ဟုတ်လား”
“ကျုပ်ကိုယ်တိုင်တော့ မတွေ့သေးဖူးဗျ၊ ပစ္စည်းသယ်ဖို့ လုံးပန်းနေရတာကိုး၊ ရိုဆန်နာ မန်ဒါရဲ့ မှတ်တမ်းကို အားကိုးပြီး ပြောရရင်တော့ ခင်ဗျားသူ့ကို အရည်မပျော်သေးတဲ့ ရေခဲမုန့်လတ်လတ်ဆတ်ဆတ်လေးလို ပုံပန်းမပျက်တွေ့ရမှာ သေချာတယ်”
အမှန်တကယ်ပဲ ကပ္ပတိန်လေးဟန့်သည် ၁၇၇၉ ခုနှစ်သူသေဆုံးခဲ့ချိန်က အတိုင်းကုလားထိုင်ပေါ်တွင် ထိုင်နေတုန်း ဖြစ်၏။ ရေခဲမှုန်လေးများ ထူထပ်စွာကပ်ငြိနေသည်ကလွဲ၍ မနေ့တစ်နေ့က သေဆုံးခဲ့သော ရုပ်အလောင်းသဖွယ် လတ်ဆတ်စွာ ရှိနေဆဲ ဖြစ်သည်။ ကပ္ပတိန် ကတော်၊ သူ၏ ကလေးနှင့် အခန်းရှေ့ မှ ခွေးကလေးတို့၏ ရုပ်အ လောင်းများကိုလည်း မှတ်တမ်းတွင်ပါသည့်အတိုင်း တွေ့ခဲ့ကြသေးသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က လောကီထုပ္ပါတ် အလွမ်းဇာတ်သည် ခုထိရင်နင့်ဖွယ် ခံစားမှုများကို ပေးစွမ်းနိုင်ဆဲ။
ကေဗင်ခန်းများကို ဖြတ်လျှောက်ကြစဉ် ပုံစံအမျိုးမျိုးဖြင့် သေဆုံးခဲ့ကြသည့် အေးခဲနေသော အလောင်းကောင်များကို ဟေလိုဂျင်မီးအလင်းရောင်ဖြင့် အသုဘ ကမ္မဌာန်းရှုကြရသည်။ ဒတ်ပစ်၏ စိတ်သည် ထုံကြင်အေးခဲလျှက် မည်သည့် စိတ်ခံစားချက်မှ ပေါ်မလာသလိုဖြစ်နေသည်။ ရေခဲလွှာများအောက်မှ မျက်နှာတို့က တစ္ဆေသရဲဆန်လှသည်။ ဤမျှ ခေါင်လွန်းလှသည့် ကမ္ဘာ့ဝင်ရိုးစွန်းနေရာတွင် ကူကယ်ရာမဲ့ အခြေအနေမျိုးနှင့် ရှောင်လွှဲမရသော သေခြင်းတရား၏ လက်တံရှည်တို့ဖြင့် ပွေ့ဖက်ခေါ်ဆောင်ခြင်းမခံရမှီ သူတို့နောက်ဆုံးအနေဖြင့် ဘာတွေများတွေးခဲ့ကြပါလိမ့်။
“အိပ်မက်ဆိုးကြီး တစ်ခုပါပဲဗျာ၊ အင်မတန် ကြီးကျယ်ခမ်းနားလှတဲ့ ဆောင်းတွင်းအိပ်မက်ရှည်ကြီးပေါ့” နော့ရော့ပ် က ခေါင်းတရမ်းရမ်းဖြင့် ရေရွတ်နေသည်။ သိပ္ပံပညာရှင်ကြီး ရင်ထဲမှာခံစားရသည်ထင့်။
ပစ်က သူ့ကို နားမလည်သလိုကြည့်လိုက်သည်။
“ကြီးကျယ်ခမ်းနားတယ်၊ ဟုတ်လား ဒေါက်တာ”
“သိပ္ပံပညာ ရှုထောင့်က ပြောတာပါဗျာ။ နှစ်ပေါင်း နှစ်ရာကျော်တဲ့အထိ လူ့ခန္ဓာကိုယ်ကို မပုပ်မသိုး၊ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်တဲ့ ရေခဲရဲ့ အံ့ဖွယ်အစွမ်းကို ပြောတာပါ။ ကြည့်စမ်းပါဦး၊ ဒီလူတွေကို အသက်ပြန်သွင်းလိုက်ရင် ခုချက်ချင်းတောင် ငုတ်တုပ်ထထိုင်ကြမလားပဲ”
နော့ရော့ပ်၏ အတွေးက ပစ်ခေါင်းထဲသို့ ကူးစက်ရောက်ရှိလာသည်။ တကယ်လို့များ အံ့မခန်းတဲ့ သိပ္ပံသို့မဟုတ် မှော်အစွမ်းနဲ့ ဒီလူတွေကို အသက်ပြန်သွင်းလို့များရခဲ့ရင် လွန်ခဲ့တဲ့ နှစ်နှစ်ရာက လူတွေအနေနဲ့ သမိုင်းကို အသစ်များ ပြန်ရေးကြဦးမလားပဲ။
နော့ရော့ပ်က ငေးငိုင်သွားသော ပစ်ကို ကြည့်ရင်း သူ့အတွေးကို ပစ်ဆက်တွေးနေကြောင်းသိ၏။ လက်နှစ်ဖက်ကို မြှောက်၍-
“ကျွန်တော်တို့ ခေတ်မှာ ဒါမျိုးဖြစ်အောင် မစွမ်းဆောင်နိုင်သေးပါဘူး၊ မစ္စတာပစ်ရယ်”
ပစ်သည် နော့ရော့ပ်ကို ကြည့်လိုက်သည်။ သူ့အကြည့်က ရီရီဝေဝေ။
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလူတွေအသက်ပြန်ဝင်လာပြီး ၁၇၇၉ ခုနှစ်က သူတို့ဘယ်လို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတယ်ဆိုတာကို သူတို့ကိုယ်တိုင်ပြောပြတာကို ကြားချင်၊ မြင်ချင်နေမိတယ်ဗျာ”

Recent Comments