အတ္တလန်တစ် ရှာပုံတော် (၃၂)
10 Jun 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မုန်တိုင်းကို သယ်ဆောင်လာသော တိမ်မည်းညိုတို့ကင်းစင်သွားပြီး နောက်လေးနာရီအတွင်း ဟူးဟူးရားရား တိုက် ခတ်နေသောလေသည် ငြိမ်သွား၏။ ကော့စ်က မြေပြင်ပေါ်တက်၍ အလံဝါတစ်ခုကို ဝှေ့ယမ်းပြနေသည်။ ပစ်သည် မျက်စိ တစ်ဆုံး ကျယ်ပြောလှသည့် နှင်းထုကဗ္ဗလာထက်ဝယ် ပုရွက်ဆိတ်သာသာမျှသာ မြင်ရသည့် လူဆယ်ယောက် ကိုငေးကြည့်နေ၏။ သူတို့တဖြည်းဖြည်းနီးလာသောအခါ ဂယ်လက်စပီး ကိုယ်တိုင် ဦးဆောင်လာသည်ကို တွေ့ရသည်။ သူ့နောက်မှာတော့ ဂျာနယ်လစ် အီဗီတန်က ကပ်လိုက်လာ၏။ဂယ်လက်စပီးသည် ပစ်ဆီသို့လျှောက်သွား၏။ သူ့မျက်နှာကြီးက ပြုံးဖြီးဖြီး။
“လမ်းလျှောက်လို့တယ်ကောင်းသကိုးကွ”
“ကျွန်တော်တို့ရဲ့ ခေတ်ဟောင်းအဏ္ဏဝါဗေဒ ဆိုင်ရာ အန္တာတိက ပြတိုက်ကြီးက ကြိုဆိုပါတယ်ဗျာ” ပစ်က ဂယ်လက် စပီးကို နောက်ရွှတ်ရွှတ်ပြောလိုက်သည်။
“လမ်းကို ကြည့်လျှောက်နော်ဒန်၊ မတော်ချော်လဲလို့ ကျွန်တော်တို့ ကပ္ပတိန် ဒုက္ခများနေပါဦးမယ်”
သင်္ဘောတစ်စီးလုံး နေရာအနှံ့ ပစ်လိုက်ပြနေစဉ် အီဗင်တန်က ဖလင်ဆယ်လိပ်မျှ ဓါတ်ပုံလျှောက်ရိုက်တော့သည်။ ကော့စ်နှင့် နော့ရော့ပ်က သေတ္တာများတင်ထားသည့် စွပ်ဖားများကို သင်္ဘောသားများ ဝင်ရိုးစွန်းမုန်တိုင်းဆီ သယ်ပို့နေ သည်ကို ညွှန်ကြားရင်းအလုပ်ရှုပ်နေကြသည်။
ပစ်က အီဗီတန်တစ်ယောက် အထပ်ထပ်ဝတ်လာသည့် အနွေးထည်များကို ဇစ်ဆွဲဖြုတ်ရင်း အတွင်းခံများကြားသို့ ဖလင်လိပ်များထိုးထည့်နေသည်ကို ကြည့်ရင်း အူမြူးနေ၏။ အီဗီတန်က သူ့ကိုကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်ရင်း-
“မတတ်နိုင်ဘူး၊ မစ္စတာပစ်ရဲ့၊ အအေးဒဏ်ကြောင့် ဖလင်လိပ်တွေ မပျက်စီးအောင်လုပ်ဖို့က ဒီတစ်နည်းပဲ ရှိတယ်”
ဝင်ရိုးစွန်းမုန်တိုင်း၏ ပထမအရာရှိ ဂျိတ်ဘုရှ်လေသည် ဂယ်လက်စပီးကို ရေဒီယိုဖုန်းမှတဆင့် ခေါ်နေသည်။ ဂယ်လက်စပီးက အတန်ကြာနားထောင်၏။ မျက်နှာညိုလာပုံထောက်တော့ အခြေအနေမကောင်းဟု ပစ်ခန့်မှန်းလိုက် သည်။
“တို့ သင်္ဘောဆီ အမြန်ပြန်မှဖြစ်မယ်ကွ”
“ဘာဖြစ်လို့လဲ၊ နောက်ထပ်မုန်တိုင်းတစ်ခု လာပြန်ပြီလား” အီဗီတန်က မေးလိုက်သည်။
ဂယ်လက်စပီးက ခေါင်းခါရင်း-
“ဂျာမာန် ယူဘုတ်လေ။ ဝင်ရိုးစွန်းမုန်တိုင်းနဲ့ တစ်မိုင်အကွာမှာ ရေပေါ်ပေါ်လာတယ်တဲ့”
—————————————————
(၁၈)
ဟုတ်၏။ သူတို့ဝင်ရိုးစွန်းမုန်တိုင်းကို လှမ်းမြင်ရသောအခါ ဝေလငါးမည်းကြီးတစ်ကောင် ရေပေါ်ပေါ်နေသလို ပုံသဏ္ဍာန် ရှိသော ရေငုတ်သင်္ဘောကိုယ်ထည်ကြီးကို ကောင်းစွာမြင်ရ၏။ နီးလာလေလေ၊ ထင်ရှားလာလေလေ။ ရေငုတ်သင်္ဘော၏ မျှော်စင်ထက်ဝယ်လှုပ်ရှားနေသော သဏ္ဍာန်များကိုလည်းကောင်း။ ကုန်းပါတ်ပေါ်ရှိ စက်သေနတ် ကြီးကိုလည်းကောင်းထင်ထင်ရှားရှားမြင်နေရပြီ။
ဂယ်လက်စပီးသည် အပြေးတပိုင်းလျှောက်လှမ်းရင်း ပထမအရာရှိ၏ နာမည်ကို ရေဒီယိုဖုန်းထဲမှ ကြုံးအော်လိုက်၏။
“ဘုရှ်လေ !”
“ပြောပါ ကပ္ပတိန်”
“ရေလုံတံခါးတွေ အကုန်ပိတ်ထား၊ သင်္ဘောသားအားလုံးနဲ့ သိပ္ပံပညာရှင်တွေကို အသက်ကယ်အင်္ကျီ ဝတ်ထားခိုင်း”
“ဟုတ်” ဘုရှ်လေ၏ အော်ဟစ်ညွှန်ကြားနေသံများကို ရေဒီယိုဖုန်းမှတဆင့် ကြားနေရသည်။
“ဒီရေငုတ်သင်္ဘောဟာ တစ္ဆေတစ်ကောင်လို တို့နောက်ကိုလိုက်နေတာကြာပြီ။ ဒီတစ်ခါတော့ ထိပ်တိုက်တွေ့ပြီနဲ့ တူတယ် ပစ်”
“အေးဗျ၊ ဒါပေမဲ့ တစ်ခုတော့ တော်သေးတယ်ပြောရမယ်။ ကျွန်တော်တို့ကို တွယ်မယ်ဆိုရင်တောင် ရေခဲပြင်မှာ တော်ပီဒို ပစ်လို့မရဘူး”
“မတော်နဲ့မောင်၊ ဟိုမှာ နင့်အဘ စက်သေနတ်ကြီးက ပြူးနေတာပဲ”
ပစ်တို့လူစု သင်္ဘောဆီအပြေးအလွှားပြန်လာကြချိန်တွင် သင်္ဘောတစ်စီးလုံးမှာ အချက်ပေးဥသြသံများနှင့် ဆူညံပွက် လောရိုက်နေ၏။ ဂယ်လက်စပီးက ဖုန်းခေါ်ပြန်သည်။
“ဘုရှ်လေ၊ ရေငုတ်သင်္ဘောက ဘာအဆက်အသွယ်လုပ်သလဲ”
“မလုပ်ဖူး၊ ကပ္ပတိန်၊ ကျွန်တော် ဆက်သွယ်လိုက်ရမလား”
ဂယ်လက်စပီး ခေတ္တမျှစဉ်းစား၏။
“မလုပ်နဲ့ဦး၊ သေချာသာ စောင့်ကြည့်ထား”
ပစ်က ဂယ်လက်စပီးကို လှည့်ကြည့်ရင်း-
“နေပါဦး၊ အရင်တုန်းကရော ခင်ဗျားကို ယူဘုတ်က ဆက်သွယ်ဖူးလို့လား”
“ငါ နှစ်ခါတိတိဆက်သွယ်ဖူးတယ်။ ဘာမှပြန်မဖြေဘူး”
“ဒီအကြောင်း ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာကို သတင်းပို့ထားတယ်ဆို၊ သူဘာပြန်ပြောလဲ”
“ဒီကိစ္စကို ငါကိုင်တွယ်မယ် တဲ့”
“သူကိုင်တွယ်ဖို့ အချိန်မရတော့ဘူး။ အခု ဘုရှ်လေ ကို ယူဘုတ်နဲ့ ဆက်သွယ်ဖို့ ပြောလိုက် ဒန်၊ သူပြောရမှာက ယူဘုတ် သင်္ဘောပေါ်နေတဲ့နေရာမှာ ပင်လယ်ရေအောက် သုတေသနအတွက် ပစ္စည်းတွေချထားတယ်လို့၊ ဒီပစ္စည်း တွေဟာ အသံလှိုင်းတုန်ခါမှုကြောင့် ပေါက်ကွဲတတ်တယ်လို့ ပြောခိုင်း”
ဂယ်လက်စပီးက ပစ်ကို ကြောင်ကြည့်နေသည်။
“အဲသလို လိမ်ပြောလိုက်တော့ တို့ဘာရမလဲ”
“အချိန်ရတာပေါ့ ဒန်ရဲ့၊ ဆန်ဒက်ကာက ဘယ်လိုကိုင်တွယ်ကိုင်တွယ်၊ အချိန်တော့ ရမှဖြစ်မယ် မဟုတ်လား”
“တို့ ရေဒီယိုကတဆင့် ပြောတာတွေ သူတို့ ကြားမှာပေါ့”
ပစ်က ခနိုးခနဲ့ ပြုံးလိုက်၏။
“မတုံးစမ်းပါနဲ့ ဒန်ရယ်။ သူတို့ကြားအောင် တမင်လုပ်တာလေ၊ ဂျာမာန်သောက်ကျင့်ကို ခင်ဗျားလည်းသိသားနဲ့”
ဂယ်လက်စပီးလည်း ပြုံးတုံးတုံးဖြစ်လာ၏။ သူက ရေဒီယိုအသံလွှင့်လှိုင်းကို နှိပ်လိုက်ပြီး-
“ဘုရှ်လေ၊ ငါပြောတာသေချာနားထောင်” ဆိုပြီး ပစ်နှင့်သူ ဇာတ်တိုက်ထားသည့် အကြောင်းအရာများကို ပိုပိုသာသာ လေးပြောလိုက်၏။ သဏ္ဍာန်လုပ်၊ သရုပ်တူပါပေသည်။
ဘုရှ်လေ ကလည်း ချက်ဆို နားခွက်က မီးတောက်သူ။ သူ့ကပ္ပတိန် ဘယ်ကြိုးကိုဆွဲနေမှန်းချက်ချင်းသဘောပေါက်၏။
“ဟုတ်ကဲ့၊ ကပ္ပတိန် ကျွန်တော် ခုချက်ချင်း သူတို့ကို အကြောင်းကြားပါ့မယ်”
ပစ်တို့ လူစုသည် သင်္ဘောနှင့် မိုင်ဝက်ခန့် ဝေးနေသေးသည်။
“ကဲ ကျွန်တော်တို့ ဆယ်မိနစ်လောက်စောင့်ကြည့်မယ်။ ပြီးရင် နောက်ဇာတ်လမ်းတစ်ခု ကြံကြတာပေါ့”
ပစ်သည် ဟောဟဲလိုက်နေသော သတင်းထောက်မလေး အီဗီတန်ဖက်ကို လှည့်လိုက်ရင်း-
“ကင်မရာ ပစ္စည်းတွေပေး၊ ကျွန်တော်သယ်ပေးမယ်”
သူမက ခေါင်းသွက်သွက်ခါယမ်းရင်း-
“ရတယ်၊ ကျွန်မ ဘာသာသယ်မယ်။ သွားမှာသာသွားပါ” ဟုပြန်ပြော၏။
“ငါအရင်သွားနှင့်ပြီဟေ့၊ သင်္ဘေင်္ာပေါ်မှာ ငါရှိမှဖြစ်မှာ” ဂယ်လက်စပီးက ပြောရင်း ဒုန်းစိုင်းပြေးတော့သည်။ ပစ်သည် အီဗီတန် နှင့်သူ့ပစ္စည်းများကို စကိတ်ပေါ်တင်ပေးလိုက်ပြီး ရှေ့ မှသွားစေ၏။ သင်္ဘောနှင့် ဂိုက်ငါးဆယ်အကွာသို့ သူ ရောက်လာပြီ။

Jun 18, 2009 @ 09:50:22
သွားပါများ ခရီးရောက်သတဲ့ ။တောင့်ထားအောင်မောင်း ။ အခန်း ၃၂ တော့ရောက်ပြီး ငါးဆယ်ဖက်ကို ယိမ်းလာပြီ ။မှတ်တိုင်တခု ဖြစ်လာမှာပါ ။ရေးဖြစ်အောင် ဆက်ရေးပါနော် ။
မေတ္တာဖြင့်
မင်းဒင်