အတ္တလန်တစ် ရှာပုံတော် (၃၃)

ဒတ်ပစ်သည် မားမားကြီး ရပ်၍ နှင်းထုကဗ္ဗလာ ရေပြင်လွှာ ပေါ်တွင် မည်းမည်းကြီး ပေါ်နေသော ရေငုတ်သင်္ဘောကြီး ကို စိုက်ကြည့် နေသည်။ ကုန်းပါတ် ပေါ်မှ ဧရာမ စက်သေနတ်ကြီး နားတွင် သင်္ဘောသားများ အလုပ်ရှုပ် နေသည်ကို လည်းကောင်း။ ဦးပိုင်းမှ အမိန့်ပေး မျှော်စင်လေး ပေါ်မှ အရာရှိများ ဟစ်အော် ညွှန်ကြား နေသည်ကို လည်းကောင်း ရှင်းလင်း ပြတ်သားစွာ မြင်ရ၏။ ၄င်းတို့သည် တတိယ ဂျာမာန်နိုင်ငံတော်၏ နာဇီယူနီဖောင်းများအစား အနက်ရောင် ခေတ်မီ ကိုယ်ကျပ် ဝတ်စုံများဝတ်ဆင်ထားကြ၏။ဒတ်ပစ်သည် ရေဒီယိုတယ်လီဖုန်းကို ဖွင့်လိုက်ပြီး-

“ယူ-၂ဝ၁၅ က ကွန်မန်ဒါကို ဆက်သွယ်နေပါတယ်။ ကျုပ်နာမည် ဒတ်ပစ်။ ခင်ဗျား ကျုပ်ကို ဝင်ရိုးစွန်းမုန်တိုင်း ရေခဲခွဲ သင်္ဘော နားက ကမ်းခြေမှာ ထင်ထင်ရှားရှားတွေ့ရမယ်လို့ မျှော်လင့်တယ်” ခဏ နားလိုက်သည်။

“ခင်ဗျားတို့ ဘာကောင်တွေလည်းဆိုတာ ကျုပ်ကောင်းကောင်းသိတယ်။ ကျုပ်ပြောတာ နားလည်လား”

ရေဒီယို တယ်လီဖုန်းမှ ပြတ်သားရှင်းလင်းသော အင်္ဂလိပ်စကားသံထွက်လာသည်။

“ဟုတ်ကဲ့ မစ္စတာပစ်၊ ယူ ၂ဝ၁၅ က ကွန်မန်ဒါ စကားပြောနေပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို ဘာကူညီရမလဲ”

“ပထမဆုံးတော့ အပြန်အလှန် နှုတ်ဆက်ကြတာပေါ့ ကွန်မန်ဒါ။ ကျုပ်နာမည် ခင်ဗျားတို့သိပြီးပြီပဲ။ ခင်ဗျား နာမည်ကလေး တဆိတ်ချီးမြှင့်ပါလားဗျာ”

“အဲဒါ ခင်ဗျားသိစရာ မလိုပါဘူး”

ဟိုက်-စလာပြီ။ သူတို့ဖက်က အရင်ဆောက်နဲ့ထွင်း ပါပကော။ ခလုတ်နှိပ်ဖို့ အချိန်ရောက်ပြီပေါ့။

“အို-ဟုတ်တာပေါ့ဗျာ။ အနာဂါတ်ကံကြမ္မာသစ် သို့မဟုတ် စတုတ္ထနိုင်ငံတော် လို့ကိုယ့်ကိုယ်ကို နာမည်တွေလျှောက် ပေးထားတဲ့ ခင်ဗျားတို့ရဲ့ မိုက်ဖော်မိုက်ဖက်ကြီးတွေက လျှို့ လျှို့ ဝှက်ဝှက် လုပ်ရတာ ဝါသနာထုံသကိုးဗျ။ ဒီအတွက် ကြောင့်နဲ့တော့ စိုးရိမ်ကြောင့်ကျ ဗျာပါဒ တွေဖြစ်တော်မူမနေပါနဲ့ဗျာ။ ခင်ဗျားတို့ရဲ့ အဆံချောင် လူသတ်သမားတစ် သိုက် လုပ်ခဲ့ကြတဲ့ အော့နှလုံးနာစရာတွေကို ကျုပ်ဘယ်သူ့ကိုမှ လျှောက်မပြောဘူးလို့ ကတိပေးပါတယ်”

ဒတ်ပစ် သည် အချီကြီးတီးထည့်လိုက်ပြီ။ တကယ်တော့ ရမ်းသန်းစွတ်ရွတ်လုပ်ချင်းသာပါ။ တစ်ဖက်က စကားမပြန် နိုင်ပဲ အကြာကြီးငြိမ်သွားပုံထောင်လျှင် ချက်ကောင်းထိသွားပြီဟု ယူဆရသည်။ အတန်ကြာမှ ကွန်မန်ဒါ့အသံ ထွက်ပေါ်လာ၏။

“ဒါဆို ခင်ဗျားက အရာရာသိတဲ့ ကိုဖိုးသိ ပေါ့”

“ဟုတ်ပဗျား” သူရွေးလိုက်သည့်လမ်း မှန်သွားပြီ။ ခလုပ်နှိပ်မှန်သွားပြီ မှန်းဒတ်ပစ်သိလိုက်သည်။

“ကျုပ်ရဲ့ ဂုဏ်သတင်းတွေ ဒီလောက်မြန်မြန်ကျော်စောသွားလိမ့်မယ်လို့ မထင်ထားရိုးအမှန်ပါဗျာ”

“ခင်ဗျား ကိုလိုရာဒိုကနေ ဒီအန္တာတိက ကိုတောက်လျှောက်လာခဲ့တာလား”

“တောက်လျှောက်တော့ မဟုတ်ဖူးဗျ။ ခင်ဗျားတို့လွှတ်လိုက်တဲ့ လူသတ်သမားဆိုတဲ့ ငပေါတွေကို သတ်ရ၊ ဖြတ်ရ၊ မြေမြှုတ်ရ လုပ်ပြီးမှလာခဲ့တာပါ”

“ဒီမှာ ခင်ဗျား ကျွန်တော့်ကို စမ်းနေတာလား မစ္စတာပစ်”

စကားဝိုင်းက ကြမ်းလာချေပြီ။ သို့သော်ဒတ်ပစ်၏ အဓိကရည်ရွယ်ချက်မှာ ယူဘုတ်ကွန်မန်ဒါကို တောင်စဉ်ရေမရ လျှောက်ပြောခြင်းဖြင့် အချိန်ဆွဲထားဖို့သာဖြစ်သည်။

“မစမ်းရပါလား ကွန်မန်ဒါရယ်။ ခင်ဗျားတို့ရဲ့ နားလည်ရခက်တဲ့ အမူအကျင့်ကို ခင်ဗျားတို့ ကိုယ်တိုင် သဘောပေါက် အောင် ကျုပ်က ရှင်းပြချင်ရုံ သက်သက်ပါ။ ဘာလက်နက်မှမပါတဲ့ အဏ္ဏဝါသုတေသန ရေယာဉ်ကို စက်သေနတ်ကြီး တကားကားနဲ့ နိုင်ထက်စီးနင်းလုပ်မဲ့အစား မြောက်အတ္တလန်တစ်ရေပြင်မှာ သွားနေတဲ့ ကုန်တင်သင်္ဘောတွေကို တော်ပီဒိုနဲ့ ပစ်ပြီး ပင်လယ်ဓါးပြတိုက်တာက ပိုအကျိုးရှိမှာ မဟုတ်လား”

“တိုက်ခိုက် လုယက်တဲ့အလုပ်ကို ၁၉၄၅ ခုနှစ် ဧပြီလကတည်းက စွန့်လွှတ်လိုက်ပြီဗျ”

ဒတ်ပစ်သည် သူ့ဖက်သို့ တဖြည်းဖြည်းလှည့်လာသော စက်သေနတ်ကြီးကိုကြည့်၍ အသည်းတယားယားဖြစ်နေ သည်။ ဒါကြီးနှင့်သာ အတွယ်ခံလိုက်လို့ကတော့ သူ့မှာ ဆယ်ပေါင်တူနှင့်အထုခံရသည့် စာကလေးကဲ့သို့ ရှိချေတော့ မည်။ ယူဘုတ်သည် ဝင်ရိုးစွန်းမုန်တိုင်းကို တစစီဖြစ်အောင်လုပ်တော့မည်မှန်း သေချာသည်ထက်သေချာလာသည်။

“နေပါဦးဗျ၊ စတုတ္ထအင်ပါယာကို ဘယ်တုန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာလဲ။ ကျုပ်တို့ကိုလည်း မဖိတ်ပါလား”

“ခင်ဗျားနဲ့ ဘာစကားမှ ထပ်ပြောစရာ အကြောင်းမရှိတော့တဲ့ အတွက် နှုတ်ဆက်ပါတယ် မစ္စတာပစ်” ကွန်မန်ဒါ အသံက မိုးလေဝသ သတင်းကြေငြာသူကဲ့သို့ လေသံအနိမ့်အမြင့်မရှိ၊ စိတ်လှုပ်ရှားခြင်းကင်းလှသည်။

ဘာဖြစ်တော့မည်ဆိုတာ ပစ်သိသည်။ အနီးဆုံးရေခဲတောင်တစ်ခုနားပြေးကပ်၍ ပြားနေအောင်ဝပ်လိုက်စဉ်မှာပင် နားကွဲမတတ် တရစပ်စက်သေနတ်ပစ်သံကို ကြားရပြီး ကျည်ဆန်ကြီးများက သူ့အနားဝယ် ပလူပျံနေ၏။ ပစ်သည် ငြိမ်ကုပ်နေရင်းက အသုံးလုံးအဖွဲ့၏ အာတိတ်ရေခဲပြင်သွားအင်္ကျီ အနီ တောက်တောက်ကြီး ဝတ်လာခဲ့မိ သည်ကို နောင်တ ရ၍ မဆုံးဖြစ်နေသည်။ ဖြူဖွေးသော ရေခဲပြင်တွင် သူသည် ငါးနှစ်ကလေး ကျောက်ခဲနှင့်ကောက်ထုတောင် ပစ်မလွဲသည့် ပစ်မှတ်ကြီးဖြစ်နေလေပြီ။ မသေချင်ရင် ဒါကြီးကို အမြန်ဆုံးချွတ်။

ပစ်သည် အတွင်းခံ အဖြူရောင်သိုးမွှေးဝတ်စုံများသာ ကျန်ရစ်သည်အထိ အပေါ်ဝတ်စုံကြီးကို အပြင်းအထန်ချွတ်နေ သည်။ အသက်လုပြေးရာတွင် နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဖြစ်မည်မို့ ဖိနပ်ကိုလည်းချွတ်ပစ်လိုက်သည်။ အပူပေးသည့် ခြေအိတ်ကလေးများသာကျန်တော့သည်။ သူသည် ဝင်ရိုးစွန်းမုန်တိုင်းကို တစ်ချက်လှမ်းကြည့်လိုက် သည်။ ခုလိုအချိန်တွင် အမြင်နီးသော်လည်း ခရီးဝေးလှဘိခြင်း။ မည်းနက်နေသည့် ဆံပင်များပေါ်တွင် နှင်းများ ကြုံး၍တင်လိုက်သည်။

စက်သေနတ်သံရပ်သွားပြီ။ ပစ်အသာလေး ချောင်းကြည့်လိုက်မိသည်။ အလိုလေးလေး- စက်သေနတ်သမားက အဆင်သင့် ချိန်ထားသည်။ ကွန်မန်ဒါက မှန်ပြောင်းကြီးတကားကားဖြင့် သူ့ကိုမလွတ်တမ်းချောင်းနေသည်။ အတန်ကြာတော့ ကွန်မန်ဒါသည် မှန်ပြောင်းကို ဝင်ရိုးစွန်းမုန်တိုင်းရှိရာဖက်သို့ ဦးလှည့်လိုက်သည်။ စက်သေနတ်    သမားကလည်း သူ့ဆရာ၏ အကြည့်လမ်းကြောင်းအတိုင်း စက်သေနတ်ကြီးကို သင်္ဘောဖက်သို့လှည့်လိုက်သည်။  ကဲ- အချိန်ရောက်ပြီ။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2009
M T W T F S S
« Jun   Aug »
 12345
6789101112
13141516171819
20212223242526
2728293031  
Follow

Get every new post delivered to your Inbox.