အတ္တလန်တစ် ရှာပုံတော် (၃၄)

အသက်ပြင်းပြင်း တစ်ချက် ရှုသွင်း လိုက်ပြီးနောက် ဒတ်ပစ်သည် ရေခဲပြင် ပေါ်တွင် ဖနောင့် နှင့် တင်ပါး တသားတည်း ကျအောင် သုတ်ခြေတင် တော့သည်။ တဖြောင့်တည်း ပြေးခြင်း မဟုတ်၊ မြွေလိမ် မြွေကောက်။ လွန်ခဲ့သည့် နှစ်ပေါင်း များစွာက လေတပ် သင်တန်းကျောင်း ဘောလုံးအသင်း နောက်တန်းသမား အဖြစ် ကစားခဲ့ စဉ်က လျှင်မြန်မှု မျိုးဖြင့် သူ ပြေးနေ၏။ ဒီတစ်ကြိမ်တော့ သူ တစ်ယောက်တည်း။ အယ်လ်သည် သူ့ဘေးမှာ မရှိ။ ခြေအိတ် ချည်းသာ စွပ်ထားသည့် ခြေဖဝါး များကို ရေခဲချွန် များက ဓါးဦးချွန်များ အလား စူးရှ နာကျင် စေသည်။ သို့သော်လည်း နာခြင်းထက် သေခြင်းက ပို အရေးကြီး နေသည်မို့ အားကုန် ကြုံး၍ ပြေးနေ ရသည်။ ကိုက်သုံးဆယ်ခန့် ခရီးပေါက် လာပြီ။ ထိုအချိန်မှာ တဖောင်းဖောင်း တဒိုင်းဒိုင်း နှင့် သေနတ်သံ များကို ဆက်တိုက် ကြားရ တော့၏။ သေနတ်သမားကား သူ့ကို တွယ်ချေပြီ။ သို့သော်လည်း သူတို့ နောက်ကျ သွားကြသည်။ ဒတ်ပစ်သည် ဝင်ရိုးစွန်း မုန်တိုင်း၏ သင်္ဘော ကိုယ်ထည်ကြီး ၏ နောက်သို့ ပြေးဝင် သွားပြီ ဖြစ်သည်။ စက်သေနတ် ကျည်ဆန် များက ဒေါသထွက် နေသော ပျားကောင် များနှယ် သင်္ဘော ၏ သံမဏိ နံရံကို ကုတ်ခြစ် သွားကြသည်။

စက်သေနတ် ဘေးမှ လုံးဝ ဥဿုံ ကင်းဝေး သွားတော့မှ ဒတ်ပစ်သည် သက်မကြီး ချလိုက်၏။ ချပေးထားသော ကြိုးလှေကားမှ သင်္ဘောပေါ် အမြန် တွယ်တက်၏။ ဂယ်လက်စပီး သည် သင်္ဘောကို ၁၈၀ ဒီဂရီ လှည့်၍ ရေငုတ်သင်္ဘော နှင့် ဝေးရာသို့ စက်ကုန်ဖွင့်၍ မောင်းနှင် စေသည်။  ရေခဲရှထားသော ခြေဖဝါး များက ကြိုးလှေကား ကို နင်းတက်သည့် အခါ တစစ်စစ် နာကျင်လျှက် ရှိသည်။

သင်္ဘောပေါ်မှ အီရာကော့စ်က ပြုံးပြုံးကြီး လုပ်ရင်း ပစ်ကို ကြိုဆို နေ၏။

“ခုလို အသက် နဲ့ ခန္ဓာ မြဲပြီး ပြန်တွေ့ ရတာ ဝမ်းသာသဗျာ။ ခင်ဗျားကို ကပ္ပတိန် ခေါ်နေတယ် မစ္စတာပစ်”

ပစ် စကား ပြန် မပြောနိုင်။ ခေါင်းကိုသာ ညိတ်ပြ လိုက်ပြီး ကပ္ပတိန် ရှိရာ ကုန်းပါတ် မျှော်စင်သို့ လျှောက်လှမ်း သွား၏။

“မစ္စတာပစ်” အီရာကော့စ်က ခေါ်လိုက် ပြန်၏။

“ဟုတ်ကဲ့”

အီရာကော့စ်က ဒတ်ပစ် ၏ သွေးများ စွန်းထင်း နေသည့် ခြေရာ များကို ငုံ့ကြည့်ရင်း-

“ခင်ဗျား ခြေထောက်ကို ဆရာဝန် ပြဖို့တော့ လိုပြီ ထင်တယ်”

“ကပ္ပတိန်နဲ့ အရင် သွားတွေ့ လိုက်ဦးမယ်ဗျာ”

ဂယ်လက်စပီး သည် ကုန်းပါတ် မျှော်စင် ပေါ်တွင် ရပ်၍ ရန်သူတော် ယူဘုတ်ကို စိုးရိမ်တကြီး စောင့်ကြည့် နေ၏။ သူက လှေကားမှ တက်လာသည့် ပစ်ကို လှည့်ကြည့် လိုက်ပြီး-

“မင်းကတော့ သောက်ကျိုးနည်း လုပ်ပစ် ခဲ့တာပဲ ငါ့ကောင်ရာ” ဟု ငြီးငြူ လိုက်သည်။ သူ့မျက်နှာကြီး က အိုစာလျှက်။

“ဘာမှ မလုပ်ပဲ တထိပ်ထိပ် နဲ့ နေရတာထက် စာရင် အဖြူ၊ အမည်း သဲကွဲ သွားတာ ကောင်းတာပေါ့ဗျ”

“အေး-မင်းတို့ ပြောနေတာတွေ ငါ ကြားပါတယ်”

“ခင်ဗျားကို ရော သူတို့ ဆက်သွယ် သေးလား”

“ဝှေး၊ ငါ့ကိုတော့ ဆေးဖော် ကြောဖက်တောင် မလုပ်ဖူးကွ”

“အပြင်နဲ့ရော အဆက်အသွယ်ရသလား”

“မရဘူး၊ ဒီကောင်တွေ ဂြိုလ်တု ဆက်သွယ်ရေး တွေကို ဖျက်ထားတယ် ထင်တယ်”

ပစ်သည် ရေငုတ် သင်္ဘောကို ငေးစိုက် ကြည့်နေ၏။

“သူတို့ ဘာကို စောင့်နေတာလဲ မသိဘူး”

“သူ့နေရာမှာ ငါဆိုလည်း စောင့်မှာပဲကွ။ ဝင်ရိုးစွန်းမုန်တိုင်း ပင်လယ်ပြင်ထဲ လွတ်လွတ် ကျွတ်ကျွတ် မောင်းထွက် သွားတဲ့ အထိ စောင့်မယ်။ ပြီးမှ တော်ပီဒို နဲ့ အုပ်ထည့် လိုက်ရင် တို့က ခြင်းထဲက ကြက်တွေ ဖြစ်မှာပဲ”

သူပြော အပြီးမှာပင် ရေငုတ်သင်္ဘော မှ စက်သေနတ် ကြီးဖြင့် မိုးမွှန်အောင် ပစ်ခတ် ပါတော့သည်။ ဝင်ရိုးစွန်းမုန်တိုင်း ၏ ဧရာမ ရေခဲခွဲ ရေယက်ကြီး များကို ကျည်ဆန် များက တဗျင်းဗျင်း၊ တဗျောဗျော လာရောက် ထိမှန်၏။

“အောင်မလေး၊ တကယ်ပစ်တယ်ဟ” ဘုရှ်လေ သည် သင်္ဘောဝမ်းတွင် ပြားပြား ဝပ်အောင် မှောက်ရင်း ပါးစပ်မှ ထိတ်လန့်တကြား ရေရွတ် နေ၏။

အီဗီတန် ကလည်း မျက်နှာကလေး က ဇီးရွက် ခန့်သာ ကျန်တော့သည်။

“ဘာဖြစ်လို့ ဒီလောက် သည်းကြီးမည်းကြီး ပစ်နေတာ လဲဟင်”

“ဝပ်နေစမ်း” ဂယ်လက်စပီး က ကြုံးအော် လိုက်သည်။ “သိပ္ပံပညာရှင်တွေ၊ ခရီးသည် တွေ အားလုံး သင်္ဘော ဟိုဖက် ခြမ်း ကျည်လွတ်တဲ့ ဘက်ကို သွားကြ”

အီဗီတန်သည် ဂယ်လက်စပီး၏ အမိန့်ကို ဂရုမစိုက်၊ ယူဘုတ်ကို သူမ၏ ကင်မရာ ဖြင့် အချက်ပေါင်း များစွာ ရိုက်နေသည်။ ကျည်ဆန် တို့က မိုးသည်း မိုးပေါက် ကျသည့်နှယ် အကာအကွယ် မဲ့နေသည့် ဝင်ရိုးစွန်း မုန်တိုင်း၏ သံမဏိ ကိုယ်ထည်ကို ထိမှန် နေ၏။

“ကျုပ်တို့ နည်းလမ်းရှာမှ ဖြစ်မယ် ဒန်၊ နို့မို့ရင် လုံးပါးပါး လိမ့်မယ်” ပစ်က ဂယ်လက်စပီးကို ပြောလိုက်သည်။

ရေငုတ် သင်္ဘောမှ စက်သေနတ် ကြီးသည် ခေတ္တငြိမ်သက် သွားရာမှ ပြန်လည် လှုပ်ရှား အသက်ဝင် လာပြန်သည်။ ကျည်ဆန် များသည် ဝင်ရိုးစွန်း မုန်တိုင်း ၏ ကုန်းပါတ်ကို အညှာအတာ ကင်းမဲ့စွာ ထွင်းဖောက် နေ၏။ ကုန်းပါတ် ပေါ်တွင် မှန်ကွဲစ များသည် ခြေချစရာ နေရာ မရှိအောင် ပြည့်နှက် နေပြီ။ ပစ်၊ ဂယ်လက်စပီး နှင့် ကော့စ် တို့သည် ခေါင်းမဖော် နိုင်ကြပဲ ကြမ်းပြင်တွင် ပြားပြားဝပ် နေကြသည်။ ဘုရှ်လေ ကတော့ နှစ်စက္ကန့်မျှ နောက်ကျ သွားသဖြင့် ကျည်နှစ်တောင့် သင့်သွားသည်။ ပထမ ကျည်ဆန်က သူ့ပခုံးကို ရှပ်မှန် သွားပြီး ဒုတိယ တစ်တောင့် ကတော့ မေးရိုးတည့်တည့် ထိသွား၏။ ဘုရှ်လေသည် ကြိုးပြတ် သွားသည့် ဖွဲအိတ်ကြီးနှယ် ကုန်းပါတ် ပေါ် ပုံကျ သွားသည်။

ပစ်သည် နှာခေါင်း ထဲတွင် ယမ်းငွေ့များ မွှန်ပြီး နားများလည်း အူထူ နေ၏။ ကပ္ပတိန် ဂယ်လက်စပီး သည် အကျမတော် သဖြင့် နံရိုး သုံးလေးချောင်း ခန့် နိမ့်သွားပြီး နားရွက် မှာလည်း မှန်ကွဲစ ရှပြီး သွေး တစက်စက် ကျ နေသည်။ မျက်လုံးများ ပွင့်နေ သော်လည်း အသိစိတ် အနည်းငယ် ကင်းလွတ် နေပုံ ပေါ်သည်။

“ငါ့သင်္ဘော၊ ငါ့သင်္ဘော၊ ဒီမအေ—–တွေ ငါ့သင်္ဘောကို ဖျက်ဆီး နေကြပြီ”

“ငြိမ်ငြိမ်နေ ဒန်၊ မလှုပ်နဲ့၊ ခင်ဗျား အတွင်းဒဏ်ရာ ရထားတယ်” ပစ်က ကပ္ပတိန်ကို သတိပေး လိုက်သည်။

“အပေါ်မှာ ဘာတွေ ဖြစ်နေ ကြတာတုန်း” စက်ခန်း ထဲမှ အင်ဂျင်နီယာချုပ် ၏ အသံက ခုထိ ကံကောင်း ထောက်မ၍ ကောင်းနေဆဲ ဖြစ်သော စပီကာမှ ထွက်ပေါ်လာသည်။ ပစ်က စကားပြောခွက်ကို လှမ်းယူ လိုက်ပြီး-

“ရေငုတ်သင်္ဘော တစ်စီး ကျွန်တော်တို့ သင်္ဘောကို ပစ်နေတယ်၊ စက်ကုန်ဖွင့်ပြီး အမြန် မောင်းထွက်ပါ၊ ကြားလား၊ စက်ကုန်ဖွင့်ပြီး အမြန် မောင်းထွက်”

“ဒီမှာလည်း အထိအခိုက် နဲ့ အပျက်အစီးတွေ ရှိတယ်”

“အေး- စက်ကုန်ဖွင့်ပြီး မမောင်းရင် ဒီထက် ပို ပျက်စီးမယ်”

“ဂျိတ်ရော၊ ဂျိတ် ဘယ်မှာလဲ” ကပ္ပတိန် ဂယ်လက်စပီး မှာ ဝေဒနာ ကြောင့် အသံ သဲ့သဲ့သာ ထွက်နိုင် ရှာတော့သည်။

သူရှာနေသည့် ပထမ အရာရှိ ဂျိတ်ဘုရှ်လေ က ဒဏ်ရာကြောင့် သတိမေ့ နေချေပြီ။ အီရာကော့စ် က ဘုရှ်လေ အနီးတွင် နဝေတိမ်တောင်ဖြင့် လှဲနေ၏။

“ဂျိတ် မေ့နေပြီ ကပ္ပတိန်၊ သူကျည်သင့် ထားတယ်။ နောက်တစ်ယောက် ပြောပါ” ပစ်က ဂယ်လက်စပီး ကို ပြောလိုက်သည်။ သင်္ဘောထုံးစံ တာဝန် လွှဲအပ်ဖို့ ဖြစ်သည်။ ဂယ်လက်စပီး က မျက်လုံး မှိတ်တုတ် မှိတ်တုတ် လုပ်ရင်း-

“ဒုတိယ အရာရှိ ဂျိုးဘေ့စကွန် က သူ့မိန်းမ ကလေး မီးဖွားဖို့ ခွင့်ယူ သွားတယ်။ ဆိုတော့ ကော့စ် ကိုပဲ ခေါ်ပေးတော့”

ပစ်က တတိယ အရာရှိ ကော့စ်ကို လက်တို့၍-

“အီရာ၊ ကပ္ပတိန် ခေါ်နေတယ်”

“ဟုတ်ကဲ့ ကပ္ပတိန်”

“ငါတို့ ထွက်ခွာဖို့ လုပ်နေ ပြီလား”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ ၀-၅-၀ လမ်းကြောင်း အတိုင်း ရေခဲပြင်က ထွက်ခွာ နေပါတယ်”

ကပ္ပတိန်နှင့် သူ၏ တတိယ အရာရှိသည် တုံးလုံးကြီးတွေ လှဲရင်း ညွှန်ကြားချက်တွေ ပေးနေ၊ နာခံနေ ကြသည်။ ပစ်သည် ရေငုတ်သင်္ဘော ကို ချောင်းကြည့် လိုက်သည်။ စက်သေနတ် ကြီးကို ကျည်ကဒ် အသစ်များ ထည့်နေ သည်ကို တွေ့လိုက်ရ၏။ နောက်ထပ် ဆက်စောင့် နေ၍ မဖြစ်တော့။ ခုပင် သေမင်းက အနားမှာ ရောက်နေပြီ။ လူခြောက်ဆယ် ဆန့်သည့် အသက်ကယ် လှေကြီး မှာလည်း ကျည်ဆန်များ မှန်၍ ဇကာပေါက် ဖြစ်နေပြီ။ မီးတောက်များ နှင့် မီးခိုးငွေ့များ မှာ သင်္ဘောတစ်စီးလုံး နေရာအနှံ့။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2009
M T W T F S S
« Jun   Aug »
 12345
6789101112
13141516171819
20212223242526
2728293031  
Follow

Get every new post delivered to your Inbox.