အတ္တလန်တစ် ရှာပုံတော် (၃၅)

ထွက်ခွာစပြုနေပြီဖြစ်သော ဝင်ရိုးစွန်းမုန်တိုင်းကို စက်သေနတ်ဖြင့်နောက်မှ သည်းကြီးမည်းကြီးလိုက်လံပစ်ခတ် နေသော ယူ ၂ဝ၁၅ မှာခွေးရူးတစ်ကောင်နှယ် ဂမူးရှူးတိုးဖြစ်နေ၏။ စက်ရှိန်ရလာသည်နှင့် အမျှ ဝင်ရိုးစွန်းမုန်တိုင်း နှင့် ရေငုတ်သင်္ဘောမှာ တဖြည်းဖြည်းအလှမ်းကွာလာသည်။ စက်သေနတ်ကျည်ဆန်များမှာလည်း သင်္ဘောကိုယ်ထည်ကို ထိမှန်ရမည့်အစား ရေထဲသို့သာ အကျများလာသည်။ သို့သော်လည်း ကျည်ဆန်တစ်ခုက သင်္ဘော၏ ရေဒါနှင့် ရေဒီယို တိုင်ကို ထိမှန်သွား၍ သူတို့ရင်ကျိုးရတော့သည်။

ကပ္ပတိန် ဂယ်လက်စပီး မှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ ပစ်ကတော့ ကောင်းကောင်းသိသည်။ စတုတ္တ အင်ပါယာသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ အသက်ရှင်လျှက် အလွတ်ပေးရိုးထုံးစံမရှိသည့်အတွက် အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်နေသည့် ၄င်းတို့၏ ရည်ရွယ်ချက်အတိုင်း ဝင်ရိုးစွန်းမုန်တိုင်း တစ်စီးလုံးပင်လယ်ကြမ်းပြင် အောက် ရောက်သွားမှသာ တိုက်ခိုက်မှုကို ရပ်ကြပေလိမ့်မည်။

ပင်လယ်ထဲသို့ ရောက်ခါနီးလေ ရေခဲထုမှာ ပါးလွှာလာလေဖြစ်၏။ ပစ်သည် ဝင်ရိုးစွန်းမုန်တိုင်းကို နောက်ပြန်လှည့် စေပြီး ရေငုတ်သင်္ဘောကို တိုက်ခွဲပစ်ရကောင်းမလား စဉ်းစားကြည့်သည်။ မဖြစ်နိုင်။ အကွာအဝေးက အလှမ်းကျယ် လွန်းသည့်အပြင် ရေငုတ်သင်္ဘောကို တိုက်ပစ်ဖို့ မဆိုထားနှင့်၊ သူ့အနားသို့ ကပ်လာလျှင်ပင် ရေအောက်သို့ အလွယ် တကူ ငုတ်လျှိုးသွားနိုင်သည် မဟုတ်လား။ ဆိုတော့ အကောင်းဆုံးနည်းလမ်းက မြန်နှုန်းမြှင့်၍ ပြေးခြင်းသာ။

“နောက်ထပ် မိုင်ဝက်လောက်ပြေးနိုင်ရင် ကျွန်တော်တို့ လွတ်ပြီဗျ” ပစ်က အော်ဟစ်ပြောလိုက်သည်။

“အေးအေး၊ အား၊ ကျွတ်၊ကျွတ်၊ကျွတ်” ကပ္ပတိန် ဂယ်လက်စပီးသည် လှဲနေရာမှ ထိုင်ရန်ကြိုးစားနေချိန်တွင် ပစ်ကို စကားပြန်ပြောလိုက်သဖြင့် နာကြင်မှု အာမေဋိတ်တွေပါ ရောပါသွားသည်။

“ရေဒါ ထိန်းချုပ်မှုမရှိတော့ဘူး ကပ္ပတိန်၊ ကျွန်တော်တို့ ပြေးရင်းပြေးရင်းနဲ့ ဝိုင်းကြီးပါတ်ပါတ် ဒူဝေဝေ ဖြစ်နေမှာစိုးရ တယ်” ကော့စ်က ဖူးယောင်နေသော နှုတ်ခမ်းကြီးကို ကြိုးစားလှုပ်၍ ကပ္ပတိန့်ကို အစီရင်ခံလိုက်သည်။

“အသေအပျောက် ရှိသေးလား” ဂယ်လက်စပီးက မေးလိုက်သည်။

“အသေတော့ မရှိဘူး၊ အနာတော့ အများကြီးပဲ” ပစ်က အေးအေးသက်သာ ဖြေလိုက်သည်။

“နာမှာပေါ့ဗျ၊ ကျုပ်တို့က အခံသက်သက်ကိုး၊ ဘာနဲ့မှလည်း ပြန်ပစ်စရာမရှိဘူး” ကော့စ်က မချိတင်ကဲ ပြောလိုက် သည်။ သည်မောင်က ရေငုတ်သင်္ဘောအနားကပ်လာလျှင် နှင်းခဲနဲ့ ထုချင်ထုမည့် တုံးတိုက်တိုက် ကျားကိုက်ကိုက် သမား။

“လောင်စာဆီ ပိုက်လိုင်းတွေ ကျည်မှန်ထားတယ်” အင်ဂျင်နီယာချုပ်၏ အသံပြဲကြီး စပီကာမှ ထွက်ပေါ်လာပြန်သည်။

“ပြန်ပြင်နိုင်မလား” ကပ္ပတိန် အစား ကော့စ်ကမေးလိုက်သည်။

“ဟုတ်ကဲ့”

“ဘယ်လောက်ကြာမလဲ”

“နှစ်နာရီ အလွန်ဆုံး သုံးနာရီ”

ကော့စ်သည် ပစ်ကိုကြည့်လိုက်သည်၊ ပြီးတော့ နောက်မှ လိုက်လာသော ယူဘုတ်ကို ကြည့်လိုက်ပြီး-

“သောက်ကျိုးတော့ နည်းပဟ”

“ဟုတ်တယ် အီရာ၊ ကျုပ်တို့တော့ ရှေ့ တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ် ဖြစ်နေပြီ။ ကပ္ပတိန် ကျုပ်တို့ သင်္ဘောကို စွန့်ခွာဖို့ အမိန့်ချရင်ကောင်းမယ်။ ဒီတိုင်းဆက်သွားရင် ပေါက်ကွဲလိမ့်မယ်ထင်တယ်”

ဂယ်လက်စပီးသည် ပါးမှသွေးများကို သုတ်ရင်းခေါင်းညိတ်ပြလိုက်သည်။

“အီရာရေ၊ ငါ့ကိုဖုန်းပေးစမ်း”

သွားပါပြီ၊ အားလုံးပြီးသလောက်ဖြစ်သွားပြီ။ ဒီတစ်ခါတော့ ငါတို့မလွတ်နိုင်တော့ဘူး၊ ပစ်သည် ဒူးထောက်လက် မြှောက်လုနီးနီးစိတ်ဓါတ်ကျနေသည်။ မီးခိုးတလူလူဖြစ်နေသသော ဝင်ရိုးစွန်းမုန်တိုင်းကို နှုတ်ဆက်အကြည့်ဖြင့် ကြည့်၏။ ကောင်းကင်ယံမှ ကြယ်ကလေးများကို ဘာရယ်မဟုတ် ကြည့်မိသည်။ ခုထိတလူလူလွင့်နေဆဲဖြစ်သော အသုံးလုံးအလံကို ကြေကွဲစွာကြည့်၏။ ရေငုတ်သင်္ဘောကို နောက်ဆုံး အကြိမ်အဖြစ် ရဲရဲတင်းတင်း စိုက်ကြည့်လိုက် သည်။

ရုတ်တရက် ပစ်မျက်လုံး၏ ထောင့်စွန်းတစ်နေရာမှာ အလင်းတန်းတစ်ခု ရိပ်ကနဲတွေ့လိုက်သလို ထင်မိသည်။ ထိုအလင်းတန်းသည် အဖြူရောင်မီးခိုးငွေ့တန်းကြီးအဖြစ်လျှင်မြန်စွာ ပြောင်းလဲသွားပြီး ယူဘုတ်ရှိရာသို့ တန်းတန်း မတ်မတ် ဦးတည်သွားပြီး ပစ်ကြည့်နေစဉ်မှာပင် ယူဘုတ်ကို တည့်တည့်ကြီးဝင်တိုက်လိုက်တော့သည်။ ပစ်သည် အလွန်အင်မတန် စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းကြီးတစ်ခုကို ဝမ်းမြောက်ဝမ်းသာချလိုက်သည်။ ထိုအရာ ဘာလည်းဆိုတာ သူအခုတော့သိပြီ။ မြေပြင်မှ မြေပြင်ပစ် ခေတ်မှီဒုံးကျည်တစ်စင်းဖြစ်၏။

မျက်စိတမှိတ် အချိန်အတွင် လိမ္မော်ရောင်၊ အနီရောင်နှင့် အဝါရောင်မီးတောက်ကြီးများ ဝုန်းကနဲထတောက်ပြီး ယူဘုတ်သည် နှစ်ပိုင်းပြတ်သွား၏။ ဦးပိုင်းနှင့် ပဲ့ပိုင်းသည် မီးခိုးတလူလူနှင့် ထောင်တက်လာပြီး စက္ကန့်ပိုင်းအတွင်း ရေအောက်သို့ စွတ်ကနဲ မြှုတ်သွားတော့သည်။

အဖြစ်အပျက်သည် လျှင်မြန်လှသောကြောင့် ပစ်သည် ကိုယ့်မျက်စိကိုယ်မယုံနိုင်အောင်ဖြစ်နေသည်။

“ရေငုတ်သင်္ဘောမြုပ်သွားပြီဗျို့ ” အသံကျယ်ကြီးဖြင့် ထအော်လိုက်သည်။ ပျော်လိုက်သည့် ဖြစ်ခြင်း။

မကြာမီ ဝင်ရိုးစွန်းမုန်တိုင်း၏ စပီကာမှ အသံထွက်လာသည်။

“ဝင်ရိုးစွန်းမုန်တိုင်း၊ ပြောတာကြားရလား”

ဒတ်ပစ်သည် ရေဒီယိုဖုန်းကို ဝမ်းသာအားရလှမ်းဆွဲလိုက်ပြီး-

“ခင်ဗျားအသံကို ပီပီသသကြီးကြားရပါတယ်။ ကယ်တင်ရှင်ကြီးရယ်”

“ကျွန်တော်က ယူအက်စ် နျူစွမ်းအင်သုံးရေငုတ်သင်္ဘော တက်ခ်ဆန်ရဲ့ ကွန်မန်ဒါ အီဗန်ကန်နီဟန်ပါ။ စောစောရောက် မလာနိုင်တဲ့အတွက် အများကြီးဝမ်းနည်းပါတယ်”

“စောစောမရောက်တာက လုံးဝမရောက်တာထက်စာရင် အများကြီးတော်တာပေါ့ဗျ။ ခုခင်ဗျားဆီမှာ အင်ဂျင်နီယာ တွေပါလာလား၊ ကျွန်တော်တို့ သင်္ဘောအခြေအနေဆိုးနေတယ်”

“ခုရေဝင်နေပြီလား”

“ရေတော့ မဝင်သေးဘူး၊ ဒါပေမဲ့ အင်ဂျင်ခန်းထိထားတယ်”

“ဟုတ်ပြီ၊ ကျွန်တော်တို့ မိနစ် နှစ်ဆယ်အတွင်း ခင်ဗျားတို့သင်္ဘောနားရောက်မယ်”

“ဟုတ်ကဲ့ပါ ခင်ဗျား၊ ရှန်ပိန်တို့ ကားဗီးယားငါးဥတို့နဲ့ စောင့်ကြိုနေပါ့မယ်”

“နေ-နေပါဦး မစ္စတာပစ်၊ သူတို့က ဘယ်ကဘယ်လိုရောက်လာကြတာလဲ” ခုထိ ဂယောင်ဂယင်ဖြစ်နေသေးသော အီရာကော့စ်က ပစ်ကို မေးလိုက်သည်။

“ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ ကိုင်တွယ်လိုက်တာလေ။ အကိုင်အတွယ်မညင်သာဘူးလား”

“ဘုရှ်လေ ဘယ်နှယ့်နေသေးလဲ” ကပ္ပတိန် ဂယ်လက်စပီးက ဝေဒနာခံစားနေရသည့်ကြားမှ သူ့ပထမအရာရှိကို သတိရဖြစ်အောင်ရသေးသည်။

“ကောင်းပါတယ် ဒန်၊ နောက်နှစ်ပါတ်လောက်ဆို သူအလုပ်ပြန်ဆင်းနိုင်မှာပါ။ မကောင်းတာကခင်ဗျား၊ ခင်ဗျားက အားလုံးထက် ပိုဆိုးတယ်။ ကောင်းကောင်းအနားယူဖို့ စိတ်ကူးထား”

“အေ- ငါမသေရင်ပြီးတာပဲကွ” ကပ္ပတိန်က ရဲဝံ့စွာ ပြန်ပြော၏။

ပစ်အတွေးတို့က သူနှင့် မိုင်ပေါင်း (၁၅ဝဝ) ကျော်ကွာဝေးသည့် စိန့်ပေါလ်ကျွန်းကိုသွားနေသည့် အယ်လ်ဂျီယိုဒီနို ထံပျံ့ လွင့်သွားသည်။ အင်မတန်ကံကောင်းတဲ့ ခွေးမသားပဲ။ သူ့စိတ်ကူးထဲတွင် ကိတ်တောင်းမြို့ မှ အကောင်းစား စားသောက်ဆိုင်ထဲတွင် ဝတ်ကောင်းစားလှဝတ်လျှက် တောင်အာဖရိက ဗင်းတေ့ခ်ျဝိုင်အကောင်းစားကို တမြမြလုပ် နေမည့် အယ်လ်၏ ရုပ်ပုံလွှာပေါ်လာသည်။

“အေးလေ။ ဒါကြောင့်မို့လဲ ကံနဲ့လူ မပူနဲ့လို့ပြောကြတာပေါ့။ ဒီကောင်က နွေးနွေးထွေးထွေး စည်းစိမ်ခံနေမဲ့ ဒီအချိန် မှာ ငါ့မတော့ ဒဏ်ရာဗလပွနဲ့ အေးလိုက်တာလဲ သေလုမျောပါး”

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2009
M T W T F S S
« Jun   Aug »
 12345
6789101112
13141516171819
20212223242526
2728293031  
Follow

Get every new post delivered to your Inbox.