အတ္တလန်တစ် ရှာပုံတော် (၃၆)

“ဒီ ဒတ်ပစ်ဆိုတဲ့ ငနဲဟာ မွေးကတည်းက ပလ္လင်ဖင်ကပ် ပါလာတဲ့ကောင်စားမျိုး၊ ရွေးလိုက်တိုင်းအကောင်းချည်းရတဲ့ အကောင်ပဲ” ဂျီယိုဒီနို သည် ပွစိပွစိလုပ်နေ၏။

“ဒီမယ် ရူဒီ၊ ဒီအကောင်ဟာ ခုလောက်ရှိ ဝင်ရိုးစွန်းမုန်တိုင်း သင်္ဘောပေါ်က အကောင်းစားအိပ်ခန်းထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် အဏ္ဏဝါဗေဒ ပညာရှင် ကောင်မလေး တစ်ယောက်ယောက်နဲ့ ဖက်ကို အိပ်နေရမယ်ဗျာ၊ ခင်ဗျားနဲ့ ကျုပ် တစ်ရာကြေး လောင်းမလား”တစ်ကိုယ်လုံး ကြွက်စုတ်လို ရွှဲရွှဲစို၍ ခိုက်ခိုက်တုန်နေသော ဂျီယိုဒီနိုသည် သစ်ကိုင်း အတိုအစ လေးများကို လက်ဖြင့် တစ်ပွေ့တစ်ပိုက် ပိုက်၍ လှိုဏ်ဂူသို့သွားရာ ကျောက်လမ်းကလေးတွင် လျှောက်လှမ်းရင်းပါးစပ်က တတွတ်တွတ် ရေရွတ်နေသည်။

“ဒီထင်းတွေကို ခြောက်အောင်လုပ်ပြီး မီးမွှေးနိုင်ရင် ငါတို့လည်းနွေးသွားမှာပါကွာ” ရူဒီဂန်းသည် ဂျီယိုဒီနို နီးတူ သစ်ကိုင်းများကို သယ်လာရင်း အီတာလျှံလေးကို နှစ်သိမ့်နေလေသည်။

“ဒီသစ်ကိုင်းတွေကို မီးမွှေးလိုက်လို့ကတော့ မီးမထွက်ပဲ မီးခိုးတွေချည်းထွက်လာမှာ မြင်ယောင်ပါသေးရဲ့” လှိုဏ်ဂူထဲသို့ သစ်ကိုင်းများကို ပစ်ချ၍ ခြေပစ်လက်ပစ်ထိုင်ရင်း ဂျီယိုဒီနိုသည် လက်ကိုင်ပုဝါလေးဖြင့် မျက်နှာမှ ရေစက်များကို သုတ်ပစ်နေ၏။

ယခုအခါ အေးစက်နေပြီဖြစ်သည့် ဓါတ်ဘူးထဲမှ နောက်ဆုံးလက်ကျန်ကော်ဖီတစ်ခွက်ကို ဂျီယိုဒီနို့ထံ လှမ်းပေးရင်း-

“ဒါနောက်ဆုံး ညစာပဲကွ” ဟု ရူဒီဂန်းက ဝမ်းနည်းပက်လက်ပြောလိုက်သည်။

“ဟိုငနဲကြီး ဆန်ဒက်ကာ ဘာပြောလဲ ရူဒီ”

“သယ်ယူပို့ဆောင်ရေးယာဉ်တွေ လွှတ်လိုက်ပြီတဲ့ကွ”

ဂျီယိုဒီနိုသည် နာရီကို ငုံ့ကြည့်လိုက်သည်။

“ကျုပ်တို့ ဒီမှာလေးနာရီတောင်ရှိသွားပြီဗျ။ ဘီယာဆိုင်တွေ မပိတ်ခင် ကိပ်တောင်းပြန်ရောက်ပါ့မလားမသိဘူးနော်”

“ရောက်ချင်လည်းရောက်မယ်။ ရောက်ချင်မှလည်း ရောက်မယ်”

ဂျီယိုဒီနိုသည် ခေါင်းကြီးကို ခါယမ်းရင်း ကောင်းကင် နှင့် ပင်လယ် ကို အဓိပ္ပါယ်မဲ့ ကြည့်နေစဉ် ရုတ်တရက် သူ့မျက်လုံး များပြူးကျယ်သွား၏။ ဟယ်လီကော်ပတာ တစ်စင်း ရေပေါ်ရှပ်၍ ပျံသန်းပြီး သူတို့ကျွန်းဆီသို့ ဦးတည်၍ လာနေပါပကော။ မနုသီဟဖင်နှစ်ခွ ကဲ့သို့ အမြီးနှစ်ခုနှင့် မက်ဒေါ်နယ်လ် ဒေါက်ဂလက် အိတ်စ်ပလိုရာ အမျိုးအစား အကြီးစား ဟယ်လီကော်ပတာကြီး။

“ရူဒီရေ။ ကျုပ်တို့ မှာအဖော်ရပြီဗျို့ ” ဂျီယိုဒီနိုက ငိုက်မြည်းနေသော ရူဒီဂန်းကို အရေးပေါ်ကြေငြာချက်ထုတ်ပြန်လိုက် သည်။ “အနောက်မြောက်ဖက် ကနေ ဟယ်လီကော်ပတာတစ်စီးလာနေတယ်။ ရေပေါ်ရှပ်ပျံလာပုံထောက်ရင်တော့ ကြည့်ရတာ ဝေဟင်က မြေပြင်ပစ်တဲ့ ဒုံးကျည်တွေတပ်ထားပုံပဲ”

ဂန်းသည် ဂျီယိုဒီနို၏ အနီးတွင်လာရပ်၍ ဟယ်လီကော်ပတာကို ကြည့်နေသည်။

“ကိတ်တောင်းကနေ ဒီအထိ ဘယ်ဟယ်လီကော်ပတာမှ မလာနိုင်ဘူးမဟုတ်လား။ သင်္ဘောတစ်စီးစီးကနေ ပျံတက်လာတာဖြစ်မယ်”

“ဘာအမှတ်အသားမှ မပါဘူးဆိုတော့ ကြည့်ရတာ အခြေအနေဟန်ပုံမပေါ်ဘူးဗျ”

“တောင်အမေရိက စစ်တပ်ကတော့ မဟုတ်တာသေချာတယ်။ မင်းနဲ့ငါနဲ့ ထိပ်ထိုးကြေးလောင်းမလား”

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကို လက်ဆောင်ပဏ္ဍာများ လာရောက်ဆက်သတာတော့ မဟုတ်ဘူးဗျ။ အချိန်ကိုက်ရောက် လာပုံထောက်ရင်တော့———–”

ဟယ်လီကော်ပတာ၏ တာဘိုင်အင်ဂျင်စက်သံနှင့် တောင်ပံခတ်သံများကို ကောင်းစွာကြားနေရပြီ။ ပိုင်းလော့သည် သတိကြီးစွာထား၍ ကျွန်းကိုချဉ်းကပ်နေ၏။ ပေါက်ကွဲပြီး ရေထဲပြုတ်ကျသွားသည့် ဂျီယိုဒီနိုတို့၏ တေ့လ်ရိုတာ လေယာဉ် ဆင်းသက်ခဲ့သော နေရာတွင် ဟယ်လီကော်ပတာကို ဖြည်းညှင်းစွာဆင်းသက်နေ၏။ ရူဒီဂန်းနှင့် ဂျီယိုဒီနို တို့နှစ်ဦးသား ဟယ်လီကော်ပတာကြီး ကျောက်စွန်းနှင့်ဆောင့်မိ၍ ပေါက်ကွဲပါစေကြောင်း အကြိမ်ကြိမ်ဆုတောင်းပါ သော်လည်း ဆုတောင်းကားမပြည့်ကြရှာ။ ဟယ်လီကော်ပတာသည် အောင်မြင်စွာဆင်းသက်နိုင်ခဲ့လေပြီ။

လေငြိမ်နေသောကြောင့် ဟယ်လီကော်ပတာစက်သံရပ်သွားသည်နှင့် တပြိုင်နက် တစ်ကျွန်းလုံးဆိတ်ငြိမ်သွား၏။ အချိန်အနည်းငယ်ကြာသောအခါ လက်မငါးဆယ်ထူသော ဆွဲတံခါးကြီးပွင့်လာပြီး တစ်ကိုယ်လုံး ဝတ်စုံနက်များဝတ် ထားကြသည့် လူခြောက်ယောက်ဆင်းလာ၏။ ကိုင်ဆောင်ထားလိုက်သည့် သေနတ်များကလည်း မြင်ယုံနှင့် ရင်တုန် စရာ။

“ဒီလူတွေဟာ ကျုပ်တို့ကို လာကယ်တဲ့ပုံ တစ်စက်မှ မပေါက်ဘူး” ဂျီယိုဒီနိုက လေသံကလေးဖြင့်ပြောလိုက်သည်။

ရူဒီဂန်းသည် ဂလိုဘယ်စတား ဂြိုလ်တုဖုန်းဖြင့် ဝါရှင်တန်သို့ ဖုန်းခေါ်နေ၏။

“ဗိုလ်ချုပ်ကြီးခင်ဗျာ။ ကျွန်တော်တို့ ကျွန်းပေါ်ကို အမှတ်အသားမပါတဲ့ ဟယ်လီကော်ပတာတစ်စီး ဆင်းလာပြီး လက်နက်ကိုင်တွေပါလာတယ်”

“ဒီနေ့တော့ ပြဿဒါးနှစ်ထပ်ကွမ်းနေ့ပဲဟေ့၊ ပထမ ပစ်၊ ဒုတိယ မင်းတို့၊ ကဲ မင်းတို့ ဘယ်လောက်ကြာကြာ ပုန်းနိုင် မလဲပြော” ဆန်ဒက်ကာ အသံကြားလိုက်ကတည်းက ယခုရောက်လာသော ဧည့်သည်များသည် သူတို့၏ သေမင်း တမန်များဖြစ်ကြောင်းသေချာသွားပြီ။

“မိနစ် နှစ်ဆယ် အလွန်ဆုံး နာရီဝက်ပေါ့”

“မရင်းတပ်က လက်နက်အပြည့်အစုံတပ်ထားတဲ့ ဖရီးဂိတ်သင်္ဘောတစ်စီး စိန့်ပေါလ်ကျွန်းကို မိုင်ကုန်ဖွင့်မောင်းပြီး လာနေပြီ။ ပစ်ကွင်းထဲရောက်တာနဲ့ ဟယ်လီကော်ပတာကို ဒုံးကျည်နဲ့ ပစ်ခိုင်းလိုက်မယ်”

“ဘယ်လောက်ကြာဦးမလဲ”

တစ်ဖက်မှ အကြာကြီး တိတ်ဆိတ်သွားသည်။ နောက်တော့မှ-

“နှစ်နာရီလောက်ကွ။ ဒီထက် မြန်ချင်လည်း မြန်မယ်” ဆန်ဒက်ကာ့ အသံကြီးမှာ ပျော့ပြဲပြဲနှင့် အားမရှိလှ။

“ဗိုလ်ချုပ်ကြီး အစွမ်းကုန်ကြိုးစားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်ဗျာ။ ကျေးဇူးလည်း အရမ်းတင်ပါတယ်” ရူဒီဂန်း သည်တည်ငြိမ်စွာ၊ နားလည်မှုရှိစွာ ပြန်ပြောလိုက်၏။ ရုံးခန်းထဲ ထိုင်နေရသော်လည်း ဆန်ဒက်ကာ တစ်ယောက် သောကပရိဒေဝမီးတွေ တောက်လောင်နေပြီဆိုသည်ကို မပြောပဲသိ၏။

“စိတ်မပူပါနဲ့ ဗိုလ်ချုပ်ကြီး၊ ကျွန်တော်တို့ တနင်္လာနေ့ ရုံးပြန်တက်မှာပါ”

“အေး-အေးပါကွာ၊ တွေ့ကြတာပေါ့” ဆန်ဒက်ကာ အသံသည် ပြောရင်းဖြင့် တိမ်ဝင်သွား၏။ သူအားအကိုးရဆုံး လူရင်း များသေမင်းနှင့် လက်တစ်ကမ်းအကွာမှာ ကူကယ်ရာမဲ့ ဖြစ်နေပြီမဟုတ်ပါလား။

“ဂွတ်ဘိုင် ဆရာ”

“အေးပါကွာ၊ ဘုရားသခင်မင်းကို စောင်မပါစေ။ အယ်လ်ကိုလည်းပြောလိုက်ပါ။ ပြန်ရောက်ရင် သူ့ကို ငါဆေးပြင်းလိပ် တစ်လိပ်ပေးမယ်လို့”

“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး”

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2009
M T W T F S S
« Jul   Sep »
 12
3456789
10111213141516
17181920212223
24252627282930
31  
Follow

Get every new post delivered to your Inbox.