အတ္တလန်တစ် ရှာပုံတော် (၃၇)

“ဘယ်လောက်ကြာမယ်တဲ့လဲ ရူဒီ” ဂျီယိုဒီနိုသည် ရူဒီဂန်း၏ မျက်နှာရိပ်မျက်နှာကဲ ကိုကြည့်ရင်းမေးလိုက်သည်။ တကယ်တော့ သူသည် အဆိုးဆုံးအခြေအနေကို မျှော်လင့်ထားပြီး ဖြစ်၏။

“အမြန်ဆုံး နှစ်နာရီတဲ့”

“ဒီလူသတ်သမား တပ်ဖွဲ့ဟာ ကျုပ်တို့ဒီမှာ ရှိမှန်း ဘယ်လိုလုပ်သိသွားသလဲ ရူဒီ”“မင်းမေးတာသိပ်ကောင်းတာပဲ အယ်လ်။ ငါတို့ ဒီကိုလာမယ်ဆိုတာ သိတဲ့လူ ငါးယောက်ထက်မပိုဘူးနော်”

“ရန်သူတွေဟာ ဒီအတိုင်းဆို နယ်နယ်ရရ မဟုတ်ဖူးဗျ၊ အပြည်ပြည်ဆိုင်ရာ လူသတ်ဂိုဏ်းကြီးနဲ့ ရင်ဆိုင်နေရသလို ကျုပ်စိတ်ထဲ ခံစားမိတယ် ရူဒီ”

ထိုအချိန်တွင် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသော မနုဿမုဆိုးခြောက်ယောက်သည် သုံးယောက်အဖွဲ့ နှစ်ဖွဲ့ခွဲလျှက် တောင်ကို လက်ဝဲရစ်၊ လက်ယာရစ်ပါတ်ပြီး ပိုက်စိတ်တိုက်ရှာဖွေရေးစတင်တော့သည်။ ဒီအတိုင်းသာဆိုလျှင် သူတို့ ပုန်းအောင်းနေရာလှိုဏ်ဂူကို မကြာခင်တွေ့သွားကြတော့မည်။ သူတို့နှစ်ယောက်ကား ခြင်းထဲတွင်မိနေသော ကြက် ကလေးများသဖွယ်။

ရူဒီဂန်းသည် ရှာဖွေရေးအဖွဲ့ အလုပ်များနေသည်ကို ချောင်းမြောင်းကြည့်ရှုနေရင်း-

“ဒီကောင်တွေ ငါတို့ကို တစ်နာရီအတွင်းတွေ့သွားမယ်ထင်တယ်ကွ”

“တစ်နာရီ မဟုတ်ဖူးဗျ၊ ငါးမိနစ်အတွင်းတွေ့မှာ၊ ဟိုမှာကြည့်” ဂျီယိုဒီနိုက ပျံဝဲစ ပြုနေသော ရဟတ်ယာဉ်ကို မေးငေါ့ပြရင်း-

“ရဟတ်ယာဉ်က သူ့အဖွဲ့တွေကို လမ်းပြပေးဦးမှာ၊ မကြာခင် ကျုပ်တို့ ဂူဝကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတော့မှာ”

“တို့ကိုတွေ့သွားလည်း စစ်ဆေးမေးမြန်းတာတို့ ဘာတို့ လုပ်ဦးမှာထင်ပါတယ်ကွာ၊ အချိန်ဆွဲလို့ ရဦးမှာပါ”

ဂျီယိုဒီနိုက ခေါင်းယမ်းလိုက်၏။

“မထင်နဲ့ရူဒီ၊ ဒီကောင်တွေသာ ကျုပ်နဲ့ ဒတ် တယ်လူရိုဒ်မှာတွေ့ခဲ့တဲ့ ကောင်တွေနဲ့ တစ်ဖွဲ့တည်းဆိုလို့ကတော့ ကျုပ်တို့ကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ သတ်မှာဗျ၊ လူသတ်တဲ့နေရာမှာ မျက်တောင်တစ်ချက် ခတ်တဲ့ကောင်တွေ မဟုတ်ဘူး”

ရူဒီဂန်းက ပုခုံးတွန့်ပြလိုက်သည်။

“ဘာလက်နက်မှ မပါတဲ့ လူနှစ်ယောက်နဲ့ ဂေါ်ဇီလာတောင်သေလောက်အောင် လက်နက်အပြည့်အစုံတပ်ဆင် ထားတဲ့ လူခြောက်ယောက် တွေ့ကြပဟေ့”

“ခင်ဗျားမှာ ဘာအကြံအစည်တွေများရှိသလဲ ရူဒီ”

ရူဒီဂန်းက ညစ်ကျယ်ကျယ်ပြုံးရင်း-

“သိပ်ရှိတာပေါ့ ကောင်လေးရာ”

ဂျီယိုဒီနိုသည် လူဗလံလေးကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်က အားတက်ခြင်း၊ ရွှင်လန်းခြင်း၊ မြူးကြွခြင်းများ ပါဝင်နေ၏။ ပွဲကြီးပွဲကောင်းနွှဲရတော့မည်ဆိုလျှင် အယ်လ်ဂျီယိုဒီနိုသည် အခုလိုပင်ဖြစ်တတ်၏။

“ခင်ဗျားအကြံက ညစ်ပါတ်၊ စုတ်ပဲ့တဲ့ အယုတ်တမာ အကြံမဟုတ်လား”

“ဒီထက်တောင်ပိုသေး ကောင်လေးရဲ့”

+++++++++++++++++++++++

ရဟတ်ယာဉ်သည် တောင်ကို လေးကြိမ်တိတိပါတ်၍ ပျံသန်းပြီးသည့်နောက် လှိုဏ်ဂူဆီသို့သွားသည့် ကျောက်လမ်း ကလေးကို သူတို့တွေ့ရှိသွားကြပြီ။ ပိုင်းလော့သည် ထိုသတင်းကို ရှာဖွေရေးအဖွဲ့ နှစ်ဖွဲ့လုံးကို အကြောင်းကြားလိုက် သည်။ မကြာခင်အချိန်အတွင်း ပထမအဖွဲ့သည် ကျောက်လမ်းပေါ်ခြေချနိုင်၏။ ဒုတိယအဖွဲ့ကတော့ တောင်၏တစ် ဖက်ခြမ်းမှာရောက်နေသည့်အတွက် အတန်ကြာမှရောက်လာနိုင်မည်ဖြစ်၏။

ပထမအဖွဲ့မှ လူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဂိုက်နှစ်ဆယ်ခန့်ခွာ၍ ကျောက်လမ်းအတိုင်း ဖြည်း ညှင်းစွာ၊ သတိကြီးစွာတက်လာကြသည်။ ရဟတ်ယာဉ်က ဒုတိယအဖွဲ့ကို ကျောက်လမ်းဆီသို့ အနီးဆုံးရောက်နိုင် သည့်လမ်းကို ပြပေးနေသည်။ အင်မတန်ကျွမ်းကျင်သေသပ်သည့် ချေမှုန်းတိုက်ခိုက်ရေးအဖွဲ့များ၏ ပုံစံအတိုင်းဖြစ်၏။ ပထမအဖွဲ့သည် လှိုဏ်ဂူ အဝင်လမ်းရှိ ဧရာမကျောက်တုံးကြီးနားသို့ရောက်လာပြီ။ ပထမဆုံးရောက်လာသူသည် လှိုဏ်ဂူအဝင်လမ်းကိုတွေ့သည်နှင့် တပြိုင်နက် နောက်မှ လူနှစ်ယောက်ကို အင်္ဂလိပ်ဘာသာဖြင့် အော်ဟစ်ပြောလိုက် သည်။

“လှိုဏ်ဂူဝကို တွေ့ပြီဟေ့၊ ငါဝင်သွားတော့မယ်”

ဒုတိယလူက ပြန်လည်အော်ဟစ်လိုက်သည်။

“အလစ်ချောင်းတိုက်ခံရနိုင်တယ်၊ နံပါတ်တစ်၊ သတိထားပါ”

“ဒီလူတွေမှာ လက်နက်ရှိရင် အခုလောက်ဆို ပစ်ပြီပေါ့၊ စိတ်မပူပါနဲ့ သူတို့မှာ ဘာလက်နက်မှမရှိပါဘူး”

နံပါတ်တစ်ဟု အခေါ်ခံရသည့် ခေါင်းဆောင်သည် ပြောပြောဆိုဆိုဖြင့် ကျောက်တုံးကြီးနောက်သို့ ဝင်ရောက် ပျောက်ကွယ်သွား၏။ နောက်နှစ်မိနစ်အကြာတွင် ဒုတိယလူလည်း လှိုဏ်ဂူဝသို့ ရောက်ရှိလာပြီးဝင်ရောက်သွားပြန် သည်။ ထိုလူနှစ်ယောက်မြင်ကွင်းမှ ပျောက်သွားသောအခါ ကျောက်တုံးကြီးနားသို့ တတိယလူရောက်ရှိလာသည်။ သူသည်ပိန်းပိတ်အောင် မှောင်နေသည့် ရှေ့ လူနှစ်ယောက်ဝင်ရောက်သွားသော လှိုဏ်ဂူဝသို့ စူးစူးစိုက်စိုက်ကြည့်နေ သည့်အတွက် သူ့ခေါင်းပေါ်မိုးထားသော အိမ်လောက်ရှိသည့်ကျောက်တုံးကြီးပေါ်မှ ဖရဲသီးအကြီးစားတစ်လုံးခန့်ရှိ သည့်ကျောက်ခဲကြီး တစ်ခဲသူ့ခေါင်းပေါ်အရှိန်ဖြင့် ပြုတ်ကြလာသည်ကိုမသိလိုက်ရှာ။ ခွပ်ကနဲ ခပ်အုပ်အုပ်အသံကြီး နှင့်အတူ ဦးခေါင်းခွံကြေမွ၍ ဘာသံမှမထွက်နိုင်ရှာပဲ သေဆုံးသွားတော့သည်။ ကျောက်တုံးကြီးပေါ်မှာ ရူဒီဂန်း၏ မချို မချဉ်မျက်နှာကြီး ထွက်ပေါ်လာသည်။ တစ်မိနစ်မပြည့်မှီ အလောင်းသည် ကျောက်တုံးများကြားသို့ ဆွဲသွင်းဖျောက် ဖျက်ခြင်းခံလိုက်ရသည်။ ရဟတ်ယာဉ်သည် တောင်၏အခြားတစ်ဖက်တွင် ရှိနေသေးသောကြောင့် ရုတ်ချည်း ပြောင်းလဲသွားသော အဖြစ်အပျက်ကို မသိလိုက်။ ရူဒီဂန်းသည် ကျည်ကာအင်္ကျီ၊ ဓါးမြှောင်၊ ကိုးမမ အော်တိုမစ်တစ် ပစ္စတို၊ ခြေမှုန်းရေး ရိုင်ဖယ် လက်နက်ကိရိယာအပြည့်အစုံကို သူ့ကိုယ်ပေါ်တွင်တပ်ဆင်ပြီးနောက် ရေဒီယိုဖုန်းကို ပါယူဆောင်လာသည်။ သူ၏ ညစ်ပါတ်၊ စုတ်ပဲ့သော အယုတ်တမာအကြံအစည်မှာ ပွဲဦးထွက်ရာနှုန်းပြည့် အောင်ပွဲခံ ခဲ့လေပြီ။

Advertisement

Comments are closed.

Calender

August 2009
M T W T F S S
« Jul   Sep »
 12
3456789
10111213141516
17181920212223
24252627282930
31  
Follow

Get every new post delivered to your Inbox.