ကျန်းမာရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ

ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း

ကျန်းမာရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ

ဦးစိတ္တ။   ။ ဘယ်လိုလဲ ကိုရူပရေ၊ ဟိုတစ်ပတ်က ပုဂ္ဂလိက ကျောင်းတွေနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ ငြင်းခုံရတာ ကျွန်တော့်မှာ အိမ်ပြန်ရောက်တဲ့အထိ အလုပ် လုပ်လို့တောင် မရဘူး။ ခေါင်းထဲမှာ အဲဒီ အကြောင်းတွေနဲ့ပဲ ပြည့်ကျပ်နေခဲ့တယ်။

ကိုရူပ။    ။ မှန်ပါ့ဗျာ၊ ကျွန်တော်လည်း တော်တော်နဲ့ စာဖတ်လို့ မရ၊ တီဗွီ ကြည့်လို့မရနဲ့ အတွေးထဲမှာ အဲဒီ အကြောင်းပဲ အလိုလျှောက် ဆက်စဉ်းစားနေမိတယ်၊ တဆက်တည်းပဲ တခြား ကဏ္ဍတွေ မှာလည်း ပုဂ္ဂလိက ပြုခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို မှန်းဆ နေမိတယ်၊ ဥပမာ- ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုများ ရှိမလဲပေါ့။

ဦးစိတ္တ။   ။ စိတ်ဝင်စားစရာပဲဗျ၊ ကျွန်တော်တို့ဆီမှာလည်း ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေ၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေ ဆိုရှယ်လစ်ခေတ် နောက်ပိုင်း အတော်များလာတာ ခင်ဗျားလည်း အသိပါပဲ၊ ဒါ့အပြင် ဒေသတွင်း နိုင်ငံတွေမှာ သွားရောက် ကုသကြတဲ့ အထိ ကျန်းမာရေး ကဏ္ဍက global ဆန်လာတာလည်းတွေ့နေရတယ်၊ အခု ရွေးကောက်ပွဲ အပြီးမှာလည်း နိုင်ငံတော်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို ဘယ်လို ပုံစံ အပြောင်းအလဲတွေ လုပ်မလဲ ဆိုတာ လူတွေ စိတ်ဝင်တစား ရှိနေကြတာတော့ အမှန်ဘဲ။ ဘာကြောင့်ဆို တခြား နိုင်ငံတွေမှာလည်း အစိုးရ အသစ် တက်လာရင် ပညာရေးနဲ့ ကျန်းမာရေးကို ဘယ်လို မြှင့်တင်ကြသလဲ ဆိုတာကို အနီးကပ် စောင့်ကြည့် ကြတာ သဘာဝပဲ မဟုတ်လား။ နောက်တစ်ခုက နိုင်ငံတကာမှာလည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို နိုင်ငံတော်က အကုန်လုံး တာဝန်ယူတာမျိုးထက် ပုဂ္ဂလိက ကျန်းမာရေး အာမခံ ကုမ္ပဏီကြီးတွေကို လုပ်ကိုင်ခွင့် ပေးတာတွေကို တွေ့ဖူးပါတယ်။ အဓိက ကတော့ဗျာ၊ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ သဘောသဘာဝ ဖြစ်တဲ့ ဗျူရိုကရေစီ ယန္တရားကြီးကြောင့် ကုန်ကျစားရိတ် များပြီး မထိရောက်တာတွေ၊ လေလွင့်တာတွေ၊ မလိုဘဲ ကုပေးရတာတွေ၊ လိုအပ်တာထက် ပိုတဲ့ စစ်ဆေးမှု စမ်းသပ်မှုတွေ၊ ဝန်ထမ်းတွေ မလိုအပ်ဘဲ ပုံနေတာတွေ၊ တိုးတက်အောင် လုပ်ဖို့ စိတ်မဝင်စားတာတွေ၊ စတဲ့ အားနည်းချက်တွေကို ဖာထေးဖို့ စားရိတ်ကို လျှော့ချပြီး ဝန်ဆောင်မှုကို မြှင့်တင်ကြတဲ့ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ပြောင်းလဲ လာတဲ့ သဘောပေါ့။

ကိုရူပ။    ။ ကျွန်တော် မြင်တာကတော့ ခင်ဗျားပြောတဲ့ ပြဿနာဟာ စီမံခန့်ခွဲမှု ပြဿနာပဲလို့ မြင်တယ်။ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဘယ်လိုပဲ ဖြစ်ဖြစ် စီမံခန့်ခွဲမှု ညံ့ဖျင်းရင်တော့ ဒီပြဿနာ မျိုးတွေ ကြုံရမှာပဲ မဟုတ်လား။ ဥပမာ ခင်ဗျားပြောသလို ပုဂ္ဂလိက အခန်းကဏ္ဍတွေ ပိုပြီး များပြားတဲ့ အမေရိကန် ထက် ဗြိတိန်က ပိုပြီး ကျန်းမာရေး ကုန်ကျစားရိတ် သက်သာ နေတာကို ဘယ်လို ပြောမလဲ၊ တစ်ခု ရှိတာက နိုင်ငံပိုင် လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ အရွယ်အစား ပမာဏနဲ့ လုပ်ထုံးလုပ်နည်း ကွဲပြားမှုကြောင့် ပုဂ္ဂလိက လုပ်ငန်းတွေက ပိုပြီး နိုင်နိုင်နင်းနင်း ရှိတယ် ဆိုတာတော့ ယေဘုယျ အားဖြင့် ကျွန်တော် လက်ခံ ပါတယ်။

ဦးစိတ္တ။   ။ ဒါတင် မကသေးဘူဗျ၊ တစ်ခြား အကျိုးကျေးဇူးက နိုင်ငံတော်ရဲ့ ကျန်းမာရေး ကဏ္ဍအတွက် အခွန်ငွေကို လျော့ချလိုက်တဲ့ အတွက် ရောဂါ ဖြစ်ဖြစ် မဖြစ်ဖြစ် အများတန်းတူ အခွန်ငွေကို တနင့်တပိုး ဆောင်နေစရာ မလိုတော့ဘူး။ ကိုယ့် ကျန်းမာရေး လိုအပ်ချက် ကိုယ့်ဝင်ငွေကို လိုက်ပြီး ကျန်းမာရေး အာမခံ အမျိုးမျိုးကို စိတ်ကြိုက် ရွေးချယ်လို့ ရသွားမယ်ဗျာ၊

ကိုရူပ။    ။ ဟ၊ အဲဒါဆို ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်း ညီတူညီမျှ ရနိုင်မယ့် အခွင့်အရေး မရှိတော့ဘူးပေါ့၊ ချမ်းသာတဲ့ သူတွေက ပိုကောင်းတဲ့ ကုသမှု၊ နောက်ဆုံးပေါ် နည်းပညာတွေ၊ ဈေးကြီးပြီး ဘေးထွက် ဆိုကျိုး နဲတဲ့ ဆေးတွေ၊ အရည်အသွေး ပြည့် ထပ်တန်း ဆရာဝန်ကြီးတွေနဲ့ ကုသခွင့် ရပြီး ဖွတ်ကျောပြာစုတွေ ကတော့ တောက ရမ်းကု ဆရာတွေရဲ့ ဆေးမြီးတိုနဲ့တင် ဒီဘဝက စောစော ကျွတ်တန်းဝင် ရမယ့် သဘောပေါ့၊ ကျန်းမာရေး ဆိုတာ အခြားကုန်ပစ္စည်းတွေလို တစ်ရာတန် မတတ်နိုင်ရင် ငါးဆယ်တန်ပဲ ပေးပါလို့ လုပ်လို့ ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။

ဦးစိတ္တ။   ။ ခင်ဗျားပြောတဲ့ အချက်ကတော့ နိုင်ငံတော်က တာဝန်ယူမှပဲ ရမှာပဲ။ ပုဂ္ဂလိက လုပ်ငန်း တွေကတော့ သူတို့ ရပ်တည်ဖို့ အတွက် အမြတ်ရမှ ဖြစ်မှာပဲလေ၊ ဆင်းရဲကြောင်း ထောက်ခံစာ ပါတိုင်းသာ အခမဲ့ ကုသ ပေးနေရရင် နောက်ဘဝ ရောက်တာတောင် အကြွေးက ဆပ်လို့ ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် ယေဘုယျ အားဖြင့် ကြည့်ရင်၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေက ရေရှည် အကျိုး မျှော်ကိုးပြီး ရင်းနှီး မြှပ်နှံကြတဲ့အတွက် ဆေးကုသဆောင်တွေ၊ ကုတင်တွေ သန့်ရှင်း သပ်ယပ်ပြီး စိတ်ကျေနပ်စရာ ကောင်းလိမ့်မယ်ဗျာ၊ နောက်တစ်ခုက နောက်ဆုံးပေါ် နည်းပညာ ပစ္စည်းတွေ တပ်ဆင်နိုင်မယ်ဗျာ၊ သုတေသနတွေ ပိုလုပ်နိုင်မယ်ဗျာ၊ ဆေးဝါးအသစ်တွေ ပေါ်ထွန်းဖို့ သုတေသန စားရိတ်တွေကို အကုန်အကျခံတဲ့ ဆေးထုတ်လုပ်ရေး ကုမ္ပဏီ တွေလိုပေါ့ဗျာ၊ အမြတ်အစွန်းအတွက် ဆိုပေမယ့်လည်း ဆေးပညာလောက ကိုတော့ တဖက်တမ်းက အကျိုးပြုနေတယ် ဆိုတာ ငြင်းမရဘူး မဟုတ်လား၊ အဆုံးမှာတော့ လူတွေ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ရတာ အမြတ်ပဲလေ။

ကိုရူပ။    ။ ဦးစိတ္တ တို့ကတော့ ကြံဖန်ပြီး ကျေးဇူးတင်နေ ပြန်ပါပြီ၊ အဲဒီ သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေအတွက် နောက်ဆုံး ကျခံရတာ ဘယ်သူတွေလဲ၊ နောက်ဆုံးတော့ လူနာတွေပဲ မဟုတ်လား။ ဧည့်ခန်းမှာ တပ်ဆင်ထားတဲ့ LCD ဖိုး Air Con ဖိုး၊ ကျယ်ဝန်း သပ်ယပ်တဲ့ အခန်းအပြင်အဆင်၊ ပျူငှာတဲ့ ဧည့်ကြို ကောင်မလေးတွေရဲ့ စားရိတ်၊ ဒါတွေ အားလုံးဟာ လူနာတွေက တနည်းနည်းနဲ့ ပေးနေရတာပဲ မဟုတ်လား။

ဦးစိတ္တ။   ။ ဒေါသ မဖြစ်ပါနဲ့ဗျာ၊ ကျွန်တော်က ကောင်းကွက်ကလေး ကို ရှာကြံပြီး ကြည့်တာ အကျင့်ပါနေလို့ပါ၊ ခင်ဗျား ပြောသလို ကျွန်တော်တို့ လူနာတွေ ဘက်က အဲဒီ အပိုဆောင်း Added Value လေးတွေအတွက် ကုသစားရိတ်ထက် ပိုကုန်ကျ နေတယ် ဆိုတာလည်း မှန်ပါတယ်ဗျာ၊ အဲသည်တော့ အကောင်းဘက်က ကြံဖန်တွေးရရင် ဆေးကုသစားရိတ်ကို ကြောက်တာနဲ့ လူတွေ ကျန်းမာရေး ပိုပြီး လိုက်စား လာကြနိုင်တာပဲ မဟုတ်လား၊ ကိုယ့်ကျန်းမာရေး ကိုယ် ဂရုမစိုက်ပဲ ပေပေတေတေ နေတဲ့ သူတွေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ life style တွေကို ပြောင်းလဲလာမယ်၊ ဆေးလိပ်၊ အရက် သောက်တတ်သူတွေ အသောက်လျော့ လာမယ်၊ အပျော်အပါး လိုက်စားတဲ့ သူတွေ ခြေလှမ်းတွေ နဲနဲ ကျဲသွားမယ်၊ ဒါတွေ အားလုံးဟာ လူတွေ ကောင်းဖို့ အတွက် ကြီးပဲ မဟုတ်လား။

ကိုရူပ။    ။ ခင်ဗျားကတော့ တကယ့် ပေါ်လီယာနာ အမျိုးအစား ထဲကပဲဗျာ၊ ကောင်းတာလေးတွေ ရွေးမြင်တတ်ပါပေ့၊ ကျန်းမာရေး လိုက်စားဖို့ နေနေသာသာ တစ်နေ့ရမှ တစ်နေ့စား မိသားစုက အာဟာရ မပြည့်ဝတဲ့ ကတွေ၊ ဆေးရုံ ခဏခဏ တက်ရတဲ့ ရောဂါမျိုး ခံစား နေရသူတွေ၊ မွေးရာပါ ရောဂါတွေ ပါလာတတ်သူတွေ၊ HIV/ HBV တို့လို နာတာရှည် ကူးစက်ရောဂါ ခံစား နေရတဲ့ သူတွေ၊ သက်ကြီး ရွယ်အိုတွေ၊ စတဲ့စတဲ့ အာမခံကြေး မြင့်မြင့် ထားရမယ့် သူတွေ အတွက်ရော ခင်ဗျား ထည့် မစဉ်းစားတော့ ဘူးလား။

ဦးစိတ္တ။   ။ ဟုတ်ပါတယ်ဗျာ၊ အဲသည်ကိစ္စတွေ အတွက်တော့ နိုင်ငံတော်က ဝန်းထမ်းတွေ အလုပ်သမားတွေတင် မကပဲ အားလုံး ပါဝင်နိုင်တဲ့ အခြေခံ ကျန်းမာရေး အာမခံ တစ်မျိုးနဲ့ စောင့်ရှောက်ပေးမှပဲ နိုင်ငံသား အားလုံး ကျန်းမာရေး စောင့်ရှောက်မှုကို မျှမျှ တတ ရရှိနိုင်ပါလိမ့်မယ်။   ။

နီမို

၁၄ မေ ၂၀၁၁

One Comment (+add yours?)

  1. ချမ်းမြေ့
    Jun 13, 2011 @ 12:53:06

    ဒီထက် အများကြီးပြောစရာတွေရှိသေးတယ်ဗျ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2011
M T W T F S S
« May   Jul »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.