ကုလသမ္မဂ၏ အခန်းကဏ္ဍ ကျဆင်းလာသလော

ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း
ကုလသမ္မဂ၏ အခန်းကဏ္ဍ ကျဆင်းလာသလော

ဦးစိတ္တ။   ။ ကိုရူပရေ ခင်ဗျားသိတဲ့အတိုင်းပဲ ကမ္ဘာကြီးမှာ အဖြစ်အပျက်တွေ၊ ပြဿနာတွေ ကတစ်ခုပြီး တစ်ခု ဆက်နေ လိုက်တာဗျာ၊ ပြဿနာ တစ်ခု ရှင်းလို့မှ မဆုံးသေးဘူး၊ နောက် ပြဿနာတစ်ခုက ပေါ်လာပြန်ရော၊ ကုလသမ္မဂ အတွင်းရေးမှူးချုပ် တော့မသိဘူး၊ ကျွန်တော်တော့ သတင်းတွေ နားထောင်တာနဲ့တင်ကို ခေါင်းမှာရှုပ်ထွေး ပြီး စိတ်မကောင်းတွေ ဖြစ်မိတယ်။ ကြာတော့ သတင်းတောင် မဖွင့်ရဲသလောက် ဖြစ်လာတယ်။

ကိုရူပ။    ။ ဟုပ်တယ်ဦးစိတ္တရေ၊ ကိစ္စတွေကတစ်ခုပြီးတစ်ခုနားရတယ်လို့ကိုမရှိဘူး၊ အဲဒီတော့ ကမ္ဘာကြီးရဲ့ ပြဿနာ ပေါင်းစုံကို နားထောင်ပြီးတတ်နိုင်သလောက်ကူညီဖြေ ရှင်းပေးနေရတဲ့ ကုလသမ္မဂလို အဖွဲ့ကြီးအတွက်တော့တကဲ့ စိန်ခေါ်မှုကြီးတစ်ခုပေါ့။

ဦးစိတ္တ။   ။ ဟုပ်တယ်ဗျ၊ ခင်ဗျားသိတဲ့အတိုင်းကုလသမ္မဂဆိုတာ ဒုတိယကမ္ဘာစစ်ကြီး အပြီး နောင်မှာ ပိုမို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး၊ လူတွေ အချင်းချင်း အပြန်အလှန် လေးစားပြီး လူရဲ့ အခြေခံအခွင့်အရေးတွေကို တန်ဖိုး ထားတဲ့ ကမ္ဘာကြီး ဖြစ်ဖို့် ပေါ်ပေါက် လာတာ မဟုပ်လား၊ ဒါပေမဲ့ အခု ဒုတိယကမ္ဘာစစ် ပြီးလို့ နှစ်ခြောက်ဆယ်ကျော် ကာလကိုပြန်ပြောင်း ကြည့်လိုက်ရင် ပရိပက္ခတွေ နဲ့ လူအမြောက်အမြား အသက် ဆုံးရှုံးရတာတွေ နဲ့ပြည့်နေတော့ကာ အဖွဲ့ကို စတင် ထူထောင်တဲ့ သူတွေရဲ့ ဆန္ဒမပြည့်ဝဘူး လို့ပဲ ပြောရမယ် ထင်တယ်၊ အာဖရိက အလယ်ပိုင်းနဲ့ ဘော်လ်ကန် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုး သန့်စင်တဲ့ လူသတ်ပွဲ မျိုးတွေကို ထိထိရောက်ရောက် အချိန်မှီ မတားဆီးနိင်ခဲ့ အတွက် ကုလသမ္မဂရဲ့ ပါဝါ ဟာ မေးခွန်း ထုပ်စရာ ဖြစ်မနေ ဘူးလားဗျာ၊ ဘယ်ကိစ္စမဆို ကုလသမ္မဂရဲ့ တုန့်ပြန်မှု က နှေးကွေး လေးလံ လွန်းပြီး ထိရောက်မှု မရှိတာဟာ အထက်ပါကိစ္စတွေလို မြန်မြန်ထက်ထက် အရေးယူသင့်တဲ့ အရေး ကိစ္စမျိုး တွေမှာ သိပ်ကို သိသာလွန်း တယ်ဗျ၊ တစ်ချို့တွေနောက်သလို United Nothing များ ဖြစ်နေသလား ဗျာ။

ကိုရူပ။    ။ ခင်ဗျားပြောတာကိုကျွန်တော်လက်ခံပါတယ်၊ ဒါပေမယ့် လည်းခြုံကြည့် ရင်တော့ ကုလသမ္မဂ ရဲ့ ကနဦး ရည်ရွယ်ချက်တွေ အတိုင်း အတော်အတန် ပြည့်ဝ နေတာကိုတော့ ငြင်းလို့ မရတာ အမှန်ပဲ၊ ဥပမာ နောက်ထပ် ကမ္ဘာစစ်ကြီး မဖြစ်အောင် ကာကွယ် နိုင်သေးတယ်ဗျာ၊ နောက်တစ်ခု က ကူဝိတ် ကိစ္စမှာလိုမျိုး တစ်နိင်ငံနဲ့တစ်နိင်ငံ ဗြောင်ကျကျ ကျူးကျော်တာ မျိုးကို တားဆီး နိင်သေးတယ်ဗျာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေ သေးပေမယ့် လိုက်နာရမယ် ဆိုတာကို တော့ နိင်ငံတိုင်း လက်ခံထားကြရတယ် မဟုတ်လား၊ ဟုပ်ပါတယ်၊ ကုလသမ္မဂရဲ့ တုန့်ပြန်မှု နှေးကွေးတဲ့ အတွက် ကြုံခဲ့ရတဲ့ ကပ်ဆိုးတွေ အတွက် ၀မ်းနည်းဖို့ ကောင်းပါတယ်၊ ဒါပေမယ့် လည်း ကိစ္စရပ်တိုင်းမှာ

အောင်မြင် အောင် ဆောင်ရွက် ပေးနိင်လိမ့်မယ် လို့တော့ မျှော်လင့်ထားလို့ မရဘူး မဟုပ်လား၊ ဒါပေမယ့် ကုလသမ္မဂ မရှိ လို့ဖြစ်လာမယ့် အကျိုးဆက်တွေ ထက်စာရင်တော့ ရှိတာက အများကြီး အကျိုးရှိတယ်လို့ ကျွန်တော်မြင်တယ်။

ဦးစိတ္တ။   ။ ခင်ဗျားပြောတော့လည်းဟုပ်သလိုလိုတော့ရှိသား၊ ဒါပေမယ့် ခင်ဗျား ပြောသွားတဲ့ ဥပမာတွေထဲက ကျွန်တော်သဘော မတူနိုင်တာတွေ ကိုတော့ ပြောရမယ်၊ ကမ္ဘာစစ်ကြီး ထပ်မဖြစ် ခဲ့တာဟာ ကုလသမ္မဂရဲ့ စွမ်းဆောင်မှုထက် စစ်အေးတိုက်ပွဲ ကာလ လက်နက် ပြိုင်ဆိုင် တပ်ဆင်မှုနဲ့ ညူကလီးယား နည်းပညာက ပိုပြီး အခရာ ကျမလားလို့၊ အဲဒီ အဖျက်စွမ်းအား ကြီးတဲ့ လက်နက် တွေကြောင့် ဒေသဆိုင်ရာ စစ်ပွဲတွေ အဆင့်ကနေ အရှိန်မြှင့်ဖို့ နှစ်ဘက် စလုံးက တွန့်ဆုတ် နေခဲ့တယ်လို့ကျွန်တော်ထင်တယ်၊ ဒါဟာ ကမ္ဘာစစ် ကြီး မဖြစ်ဖို့ ဟန့်တားနေတဲ့ အဓိက အကြောင်းရင်းပဲ၊ အဲဒီလိုပဲ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဆိုတာလည်း အနောက်တိုင်းနိင်ငံတွေရဲ့ ကွန်မြူနစ် စနစ်ကို ကျားကန်ဖို့ တင်သွင်းလာခဲ့တဲ့ တန်ဖိုးတွေပဲ၊ ကုလသမ္မဂ ရဲ့ လုပ်ဆောင်မှုကြောင့်လို့ ကျွန်တော်မထင်ဘူး။

ကိုရူပ။    ။ ဟုပ်ပါတယ်၊ နှစ်ဘက်စလုံးအထိနာမဲ့ အရေးမို့ ကမ္ဘာစစ်ဖြစ်ဖို့အထိ စိတ် မကူး ကြဘူးဆိုတာ၊ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် တော့ ကုလသမ္မဂ ဟာ ကမ္ဘာ ကြီးရဲ့ဗဟိုချက် ဖြစ်နေဆဲပဲ မဟုပ်လား၊ ဒါဟာသူ့ရှေ့က နိုင်ငံပေါင်းချုပ် အသင်းကြီး မလုပ်နိုင် ခဲ့တဲ့ အရာလေ၊ စစ်အေး တိုက်ပွဲ ပြီးဆုံး သွားတဲ့ နောက်မှာ ကုလသမ္မဂ ဟာ ပူးပေါင်း ဆောင်ရွက်မှု တွေအတွက် ပိုတောင် အရေး ပါလာ ခဲ့ပါ သေးတယ်၊ ဥပမာ အီရတ် ကျူးကျော်မှု ကို ထိရောက်တဲ့ အရေးယူမှု ဆောင်ရွက်နိုင်ခဲ့တာ၊ အာဖရိက အလယ်ပိုင်း၊ အင်ဂိုလာ၊ ဘော်ကန် နဲ့ ကန်ဘောဒီးယားတို့မှာ ငြိမ်းချမ်းရေးထိမ်းသိမ်းမှု တွေ လုပ်ဆောင် နိင်ခဲ့တာ ဒါတွေဟာ သာဓကတွေပဲမဟုပ်လား၊ အခု မအောင်မြင်တဲ့ ကိစ္စတွေကို ပြန်ကြည့်ရင် အချုပ်အချာပိုင် နိုင်ငံတွေထဲက ပြည်တွင်းပြဿနာတွေ ဖြစ်နေ တာ တွေ့ရ လိမ့်မယ်၊ ပြည်တွင်း ပြဿနာတွေ ဖြေရှင်းဖို့ကတော့ ကုလသမ္မဂ ရဲ့ အဓိက ရည်ရွယ်ချက်ထဲမပါဘူးလေ၊

ဦးစိတ္တ။   ။ ခင်ဗျားပြောတာကို ကျွန်တော်လက်ခံပါတယ်၊ ဒါပေမယ့် ကုလသမ္မဂ ရဲ့ အဓိက အားနည်းချက်က အဖွဲ့ထဲမှာ ဗျူရိုကရက်ဆန်လွန်းတဲ့ စနစ်ကြောင့်ပဲ၊ ဥပမာ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေရဲ့ဗီတို အာဏာ မျိုး၊ အဲဒီ အဖွဲ့ဝင် တွေကို ဘယ်လိုအချက် တွေနဲ့ ရွေးချယ် သလဲ ဆိုတာ လဲ မေးခွန်း ထုပ်စရာပဲ၊နောက်ဆုံး အဲဒီ နိုင်ငံတွေ ကိုယ်နှိုက်က ရော ကုလသမ္မဂ ရဲ့ စံပြ နိုင်ငံတွေလို့ ပြောလို့ ရသလား။ တစ်ချို့ အထွေထွေညီလာခံက သဘော တူပြီးသား ကိစ္စ တွေတောင် အဲဒီနိုင်ငံ ကြီးတွေရဲ့ ဟန့်တား မှုကြောင့် အကောင် အထည်မဖေါ် နိင်တာတွေ အများကြီး၊ ဥပမာ အစ္စရေးကိုအရေးယူဖို့ ကိစ္စမျိုး၊

ကိုရူပ။    ။လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကတော့ ပြောင်းလဲလာတဲ့ကမ္ဘာကြီးရဲ့ အနေအထားတွေအလိုက် ပြုပြင်သင့်တာအမှန်ပါပဲ၊ ဥပမာ တိုက်ကြီးတွေအလိုက် အလှည့်ကျ ရွေးချယ် တာမျိုး ဆိုပါတော့၊ ဒါပေမယ့် လည်း လုံခြုံရေး ကောင်စီ တစ်ခုတည်းနဲ့တော့ ကုလသမ္မဂ တစ်ခုလုံးကို အပြစ်မတင်သင့်ဘူးထင်ပါတယ်။ ယခု လောလောဆယ် လစ်ဗျား ကိစ္စမှာ ဆိုလည်း လုံခြုံရေး ကောင်စီရဲ့ အဆုံးအဖြတ်က ဘယ်လောက် အရေးပါလဲဆိုတာ တွေ့ရမှာပါ။

ဦးစိတ္တ။   ။ မှန်ပါတယ်၊ နောက်ထပ်ရှုထောင့်တစ်ခုကနေကြည့်ရင် ကမ္ဘာ့နိုင်ငံတွေ တိုးတက် ဖွံဖြိုး လာအောင် လုပ်ဆောင် ပေးနေတာ ကုလသမ္မဂ အဖွဲ့အစည်း တွေ မဟုပ်တဲ့ ကမ္ဘာ့ ဘဏ်ရဲ ချေးငွေ့တွေ၊ GATT လို၊ WTO တို့လို အဖွဲ့တွေရဲ့ အောက်က လွတ်လပ်စွာ ကုန်သွယ်မှုရဲ့ အကျိုး ကျေးဇူး တွေကြောင့်ပဲ မဟုပ်လား၊

ကိုရူပ။    ။ ဟုပ်ပါတယ်၊ ကုလသမ္မဂ ဆိုတာနဲ့ ငြိမ်းချမ်းရေး နဲ့ ဒီပလိုမေစီ ကိစ္စ တွေပဲ မြင်နေ ကြတယ်၊ ဒါပေမယ့် ကုလသမ္မဂ အေဂျင်စီတွေ ဖြစ်တဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့တွေ၊ စားနပ်ရိက္ခာ အဖွဲ့တွေ၊ ကလေးများ ရန်ပုံငွေ အဖွဲ့တွေ ရဲ့ သန်းထောင်နဲ့ ချီ ရှိတဲ့ကမ္ဘာ့ပြည်သူ တွေရဲ့ ဘ၀တွေပိုမို ကောင်းမွန်အောင် ပူးပေါင်း လုပ်ဆောင် နေတာ ကိုလည်း မမေ့နဲ့လေ၊ ဥပမာ ဒီကမ္ဘာပေါ် ကနေ ကျောက်ရောဂါ အမြစ်ပြတ် ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့တာတွေ၊ အင်ဒီးယား တိုက်ပေါ်က ဆင်းရဲသားတွေ အခြေခံ ကယ်လိုရီ ပြည့်ဝအောင် ဆောင်ရွက် နိင်ခဲ့တာတွေဟာ ပြောမယ်ဆို ယုံနိင်စရာ တောင် မရှိပါဘူး။

ဦးစိတ္တ။   ။ အေးဗျာ၊ ခင်ဗျားနဲ့ ကျွန်တောင်အမြင်ချင်းထပ်တူမကျပေမယ့် ခင်ဗျားနဲ့ ဆွေးနွေးရတာ ကျွန်တော့်မှာ ပိုပြီးအမြင်တွေကျယ်လာတယ်လို့ ခံစားရတယ်၊

ကိုရူပ။   ။ ကျွန်တော်လည်းဒီလိုပါပဲဗျာ၊ ဆွေးနွေးကြည့်လိုက်တော့မှ တစ်ချို့ ကိုယ်သိထားတာ လေးတွေကို ပြန် မေးခွန်း ထုပ်နေမိတယ်၊ တစ်ချို့ ကိစ္စလေး တွေမှာတော့ ကိုယ်အမြင် ကိုယ်ပိုပြီး ခိုင်မာလာခဲ့တယ်၊ ကဲ အချိန်လည်း လင့်သွားပြီဗျာ၊ ကျွန်တော်တို့ နောက်အပတ်ကျမှပဲ ဆက်ကြတာပေါ့။

 

နီမို

Ref: Pros and Cons; A debater’s handbook by Trevor Sather

2 Comments (+add yours?)

  1. ချမ်းမြေ့
    Jun 13, 2011 @ 13:17:32

    အရမ်းသဘောကျပါတယ်………… ကျေးဇူးပါ

    Reply

    • admin
      Jun 22, 2011 @ 09:40:08

      ကိုချမ်းမြေ့ရေ၊ facebook user တစ်ယောက် သမိုင်းထဲက မြန်မာပြည်သားကို ကူးယူပြီး မူရင်းကို credit မလုပ်တဲ့ ကိစ္စကို remind လုပ်ပေးတာ ကျေးဇူးတင်ပါတယ်။

      Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2011
M T W T F S S
« May   Jul »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.