ကုလသမ္မဂ အမြဲတမ်းတပ်မတော် ရှိသင့်သလား

ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း

ကုလသမ္မဂ အမြဲတမ်းတပ်မတော် ရှိသင့်သလား

ဦးစိတ္တ။   ။ ကိုရူပရေ ပြီးခဲ့တဲ့ တစ်ပတ်က ကုလသမ္မဂရဲ့ အခန်းကဏ္ဍ မှေးမှိန်လာပြီလား ဆိုတာနဲ့ ပက်သက်လို့ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးခဲ့ကြတယ်၊ ဒီတစ်ပတ်တော့ အဲသည်ကိစ္စနဲ့ တဆက်တည်း ကုလသမ္မဂမှာ အမြဲတမ်းစစ်တပ် ထားသင့် မသင့် ဆွေးနွေးရအောင် ဗျာ၊

ကိုရူပ။   ။ ဦးစိတ္တတို့ကတော့ ပြဿနာကို မီးထွန်းရှာတတ်ပါပေ့ဗျာ၊ ပေါက်ပေါက်ရှာရှာ ဘယ်လိုများတွေးမိလို့လဲ၊

ဦးစိတ္တ။   ။ ဒီလိုဗျာ ယခုလက်ရှိ အနေအထားမှာ ကုလသမ္မဂအနေနဲ့ နိုင်ငံ အများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ကိစ္စမျိုးတွေမှာတောင်မှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အရေးယူဆောင်ရွက်ဖို့ လက်တွေ့မှာ အကန့်အသတ်တွေ အတော်များတာကို တွေ့နေရတယ်၊ အမြဲလိုလို ပဲ သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ငြိမ်းချမ်းရေး ထိမ်းသိမ်းမှု တပ်၊ အကူအညီပေးရေးတပ်ဖွဲ့တွေ လွှတ်ပေးဖို့ တိုက်တွန်းနေရတာနဲ့ ပဲ လူတွေရဲ့ အသက်ပေါင်းများစွာ ကို ကယ်တင်ဖို့အချိန် မမှီဖြစ်ရတာတွေ တွေ့နေရတယ်၊ ခရိုအေးရှားတို့ အယ်ဘေးနီးယားတို့ ပဲကြည့်ကြည့် ရဝမ်ဒါ မှာ ပဲကြည့်ကြ့ည် တကယ့်အရေးကြီးတဲ့အချိန်တွေမှာ တပ်ဖွဲ့တွေကို မလွှတ်နိုင်တာ စိတ်မကောင်းစရာပဲ၊ ဒီ့အတွက် ပိုပြီးထိရောက်မြန်ဆန်တဲ့ တုန့်ပြန်မှုတွေကို စဉ်းစားဖို့လို လာတယ်မဟုပ်လား၊

ကိုရူပ။    ။ တကယ်တော့ ကုလသမ္မဂ ဝင်ပြီးဖြေရှင်းပေးရတဲ့ ပြဿနာတွေကိုယ်၌က ရှုပ်ထွေးလွန်းပြီး တဖတ်သတ် ကောက်ချက်စွဲ ဖြေရှင်းပေးလို့မရတာလဲပါပါတယ်၊ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကတော့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ဆိုင် လိမ့်မယ်၊ ဘာကြောင့်ဆို ပြဿနာတော်တော်များများက ကြိုတင်ခန့်မှန်းနိုင်ပြီး ကို့ယ်တပ် ကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်၊

ဦးစိတ္တ။   ။အဲသည်တော့ဗျာ လိုတော့မှ ဟိုနိင်ငံကတပ်၊ ဒီနိင်ငံကတပ် စုတာထက်စာရင် ကိုယ်ပိုင်တပ်ဖွဲ့တစ်ခု ထောင်ထားရင် ပိုမကောင်းဘူးလား၊ တပ်သားစုဆောင်းတာ၊ လက်နက်တပ်ဆင်တာ၊ ငွေကြေးစီမံခန့်ခွဲတာ၊ အမိန့်ပေးတာအားလုံးကို ကိုယ်တိုင်လွတ်လွတ် လပ်လပ် လုပ်ဆောင်မယ်ဗျာ၊ ဥပမာ- Roman Army တို့၊ French Foreign Legion တို့လိုမျိုးပေါ့၊ နိုင်ငံစုံတပ်သားတွေနဲ့ ဖွဲ့စည်းထားပြိး ကိုယ့်အဖွဲ့ရဲ့ စည်းမျည်းစည်းကမ်းကို

လိုက်နာလို့ ကိုယ့်အဖွဲ့ရဲ့ အလံကို သစ္စာစောင့်သိတာမျိုးပေါ့၊ ငွေကြေးကတော့ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ပေါ့၊ နောင်မှာ သူတို့တပ်ဖွဲ့တွေ၊ လက်နက်တွေ ထောက်ပံ့စရာ မလိုတော့ဘူးလေ၊

ကိုရူပ။    ။ ခင်ဗျားပြောတဲ့ အကြံအစည်က စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်၊ ဒါပေမယ့် ကုလသမ္မဂ ရဲ့ အခန်းဏ္ဍကိုလည်း မမေ့လျော့ဖို့ အရေးကြီးတယ်လေ၊ ကုလသမ္မဂ ဆိုတာ အစိုးရအဖွဲ့တစ်ခုမှမဟုပ်တာ၊ သူ့ရဲ့ ကဏ္ဍကယုံကြည်ရတဲ့ ကြားအဖွဲ့အစည်းအနေနဲ့ပဲရှိတယ်၊ ကမ္ဘာ့ပုလိပ်ကြီးအနေနဲ့ မဟုပ်ဘူး၊ ငွေကြေး အထောက်အပံ့က လည်း ကုလသမ္မဂရဲ့ အဓိက ပြဿနာကြီးတစ်ခုပဲလေ၊ သိပ်ကို ခေတ်မှီကောင်းမွန်တဲ့ လက်နက်ကိုင် တပ်ဖွဲ့အတွက် သူတို့အနေနဲ့ ငွေကုန်ကျေးကျ ခံမှာမဟုပ်ဘူးလေ၊ ဒီတပ်ဖွဲ့တွေက တချိန်မှာ ကိုယ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရကောင်း ရင်ဆိုင်ရမယ်မဟုပ်လား၊ နောက်တစ်ချက်က အခုအချိန်မှာရနေတဲ့ ကုလသမ္မဂ တပ်ဖွဲ့တွေအတွက် တန်ဖိုးကြီးလှတဲ့ လေ့ကျင့်မှုတွေကိုလည်း ဆုံးရှုံးသွားနိင်သေးတယ်၊ အရေးကြီးဆုံးက အဆင့်မြင့်လက်နက် နည်းပညာ လျှို့ဝှက်ချက်တွေကို လက်နက်ထုပ်လုပ်တဲ့ နိုင်ငံကြီးတွေဆီက ဘယ်တော့မှပေးမှာ မဟုပ်တာပဲ၊ ပိုက်ဆံရှိလို့ လက်နက်ဝယ်တပ်နိုင်ရုံနဲ့တော့ ခေတ်မှီတပ်မတော်ဖြစ်လာမှာမဟုပ်ဘူးလေ၊

ဦးစိတ္တ။   ။ ခင်ဗျားအခုလို ရှင်းပြတော့လဲ ဒီကိစ္စက အဲသည်လောက် မရိုးရှင်းဘူးဆိုတာသိလာရတယ်၊ ဒါပေမယ့်ဗျာ ကျွန်တော်ပြောသလို ကိုယ်ပိုင် အမှီအခိုကင်းတဲ့ တပ်မတော်သာ ရှိခဲ့မယ်ဆိုရင်ဗျာ တကယ်တမ်း အန္တရယ်များတဲ့ နေရာတွေ၊ အနောက်တိုင်း အုပ်စုတွေရဲ့ စီးပွားရေး အခွင့်အလန်းအရ စိတ်ဝင်စားမှု နည်းတဲ့ နေရာတွေကို တပ်ဖွဲ့တွေ ပိုပြီး မစေလွှတ် နိုင်ဘူးလား၊ ဥပမာ ရဝမ်ဒါလိုမျိုးပေါ့

ကိုရူပ။     ။ ခင်ဗျားပြောတာလည်းမှန်ပါတယ်၊ ကမ္ဘာပေါ်မှာ ကုလသမ္မဂ ကြားဝင်သင့်တဲ့ ပြဿနာတွေ နေရာ အနှံ့အပြားမှာ ရှိပါတယ်၊ ဒါပေမယ့် လက်တွေ့ကျကျ ပြောရင် အကုန်လုံးကိုတော့ မဝင်နိုင်ဘူးပေါ့ဗျာ၊ အဲသည်အတွက် ဦးစားပေးတွေကို စဉ်းစားတဲ့အခါအဓိကပြဿနာကြီးတွေနဲ့ အလှူရှင်နိင်ငံကြီးတွေရဲ့ စိတ်ဝင်စားမှုက စကားပြောလာ တာပေါ့

ဦးစိတ္တ။    ။ နောက်ထပ်စဉ်းစားလို့ ရတဲ့ အချက်ကတော့ တစ်ဖွဲ့ထဲ ဖြစ်သွားတဲ့ အခါ ညှိနှိုင်းဆောင်ရွက်မှုတွေမှာ အရမ်းအဆင်ပြေသွားလိမ့်မယ်ဗျ၊ အခုလိုမျိုး နိင်ငံပေါင်းစုံက တပ်ဖွဲ့ငယ်လေးတွေနဲ့ နည်းဗျူဟာ မတူ၊ ဘာသာစကားမတူ၊ ဆက်သွယ်ရေး စံသတ်မှတ်ချက်တွေ မတူ၊ လက်နက်စနစ်မတူပဲနဲ့ ညှိနှိုင်းလုပ်ကိုင်ရသလို မခက်ခဲတော့ဘူးပေါ့ဗျာ၊

ကိုရူပ။     ။ ခင်ဗျားပြောတာလည်းမှန်ပါတယ်၊ ဒါပေမယ့် အခုအချိန်မှာ ကုလသမ္မဂ အနေနဲ့ အခြေအနေအရ လိုအပ်ရင်လိုအပ်သလို လက်နက်ကိရိယာ အမျိုးမျိုး၊ တပ်ဖွဲ့ အမျိုးမျိုးကို တောင်းဆိုလို့ ရနိင်မယ်၊ ကိုယ်ပိုင်တပ်ဖွဲ့ အနေနဲ့ တော့ အခြေအနေမျိုးစုံ လိုအပ်ချပ်မျိုးစုံကို ဖြည့်ဆည်းနိင်လောက်တဲ့ စွမ်းရည်မျိုးရှိဖို့ အရမ်းအကုန်အကျများတဲ့၊ ခေတ်မှီတဲ့ တပ်မျိုး ဖြစ်ပါမှပဲ၊ မဟုပ်ရင်တော့မလွယ်ဘူး၊

ဦးစိတ္တ။    ။ နိင်ငံစုံကနေ ကုလသမ္မဂ ကို ခဏငှာရမ်းထားတဲ့ တပ်ဖွဲ့တွေအနေနဲ သူတို့ နိင်ငံရဲ့ နိင်ငံခြားပေါ်လစီ၊ အစဉ်အလာ မိတ်ဆွေဖြစ်မှုတွေက တကယ့်စစ်မြေပြင်မှာ ပေါ်လွင်လာလိမ့်မယ်ထင်တယ်၊ တချို့ တပ်ဖွဲ့တွေဟာ ကိုယ်ကျိုးစီးပွားထိခိုက်လို့ နှုတ်ထွက်တာမျိုးတွေဖြစ်လာနိင်တယ်၊ ကုလသမ္မဂ ကိုယ်တိုင်လည်း တချို့နိင်ငံတွေကို မျက်နှာသာပေး တာတွေ ရှိတယ်လို့ စွပ်စွဲ ခံရနိင်တယ်၊ သီးသန့် တပ်မတော် အနေနဲ့ တော့ အဲသည် အချက်တွေကို အလွယ်တကူ ရှောင်ရှားနိင်တယ်၊

ကိုရူပ။     ။ ပုံမှန်တပ်မတော်တစ်ခုအတွင်းမှာတောင် ဦးစိတ္တ စောစောကပြော တဲ့အခြေအနေမျိုးတွေ ကြုံရနိင်တာပါပဲ၊ အဲသည်တော့ ကုလသမ္မဂ အလံတော်အောက် ရောက်သွားရုံနဲ့ သူ့လူမျိုး၊ သူ့ဘာသာ ကို သစ္စာ မခံတော့ဘူးလို့ ပြောလို့ရပါ့မလားဗျာ၊

ဦးစိတ္တ။   ။ အေးဗျာ အခုလို ဆွေးနွေးကြည့်လိုက်တော့လည်း ပြဿနာတွေဟာ သိမ်မွေ့ လွန်းတာကိုတွေ့ရသဗျာ၊

ကိုရူပ။    ။မှန်တာပေါ့ဗျာ၊ ပြဿနာရဲ့ ထောင့်ပေါင်းစုံကို မြင်ဖို့ အပြန်အလှန်ဆွေးနွေးဖို့တော့လိုတာပေါ့၊ ကိုယ်မြင်တာလေးနဲ့ ကိုယ်စွတ်တရွတ် ပြောနေရင်တော့ ဘယ်တော့မှ အမှန်တရားဆီ မဆိုက်ပါဘူးဗျာ၊ ကဲ ဒီတပတ်တော့ ဒီလောက်နဲ့ နားလိုက်ရအောင် ၊ နောက်တစ်ပတ် အကြောင်းအရာ ကို တော့ ဦးစိတ္တပဲရှာလာခဲ့ပါဦးဗျာ။   ။

 

နီမို

၁၅ ဧပြီ ၂၀၁၁

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2011
M T W T F S S
« May   Jul »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.